မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ အာဆင်နယ်နဲ့ပွဲမှာ ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းစံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ညက သွင်းဂိုးက သူ့ကို ဒီရာသီအမှတ်ပေးဂိုး ၃၃ ဂိုးအထိ ရရှိစေခဲ့ပြီး တရာသီအတွင်း လိဂ်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်စေခဲ့ကာ လက်ကျန် ၇ ပွဲအထိ ကစားရဖို့ ရှိနေသေးတာကြောင့် နောက်ထပ်လည်း ဂိုးတွေရဦးမယ်လို့ ယူဆရပါတယ်။
ဒီမတိုင်ခင် ပရီးမီးယားလိဂ်မှာ တရာသီအတွင်း ဂိုးအများဆုံးသွင်းယူထားတားသူအဖြစ် လီဗာပူးလ်တိုက်စစ်မှူးဆာလာက ၃၂ ဂိုးနဲ့ စံချိန်တင်ထားခဲ့တာပါ။ အခုတော့ ဟာလန်းက ရာသီမကုန်ခင် ၇ ပွဲ ကစားဖို့ကျန်နေသေးချိန်မှာ ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က အံ့မခန်းထက်မြက်နေတယ်ဆိုတာကို သက်သေပြလိုက်ပါတယ်။
မနေ့ညကပွဲမှာ ဟာလန်းက အာဆင်နယ်ကို ဂိုးသွင်းခဲ့ချိန် သူ စည်းနှောင်ထားတဲ့ ဆံပင်တွေက ပြန့်ကျဲနေချိန်နဲ့ သွားတိုက်ဆိုင်ခဲ့ပါတယ်။ ဆံပင်အရှည်ကို စည်းနှောင်ပြီး ကစားနေတာဖြစ်ပေမယ့် အဲဒီအချိန်မှာ သူ့ဆံပင်တွေ ပြေကျနေခဲ့တာဖြစ်ပြီး ဟာလန်းက ဆံပင်ဖြီးသင်နေရင်းနဲ့တောင်မှ ဂိုးသွင်းနိုင်တယ်ဆိုပြီး ပရိသတ်တွေက တင်စားနေကြပါပြီ။
နော်ဝေတိုက်စစ်မှူးဟာ ဒီရာသီကမှ မန်စီးတီးကို ရောက်လာခဲ့တာဖြစ်ပေမယ့် တရာသီအတွင်းမှာပဲ ဂိုးသွင်းစံချိန်သစ်တွေကို ရယူပြခဲ့၊ ရိုက်ချိုးပြခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ တရာသီအတွင်း သွင်းဂိုးအရေအတွက်ကိုလည်း ရယူသွားနိုင်ခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးဖလားကိုရော၊ ရွှေဖိနပ်ဆုကိုပါ သိမ်းပိုက်နိုင်ဖို့ သေချာသွားခဲ့ပြီလည်းဖြစ်ပါတယ်။