အေဘရာမိုဗစ်ချ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတယ်ဆိုတဲ့အပေါ် ထိုးနှက်ခဲ့တာပါ။

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့သူတယောက်ဖြစ်ပြီး လက်ရှိ ရုရှားရဲ့ ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ဗြိတိန်မှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။



ဒါပေမယ့် မနေ့ကပဲ အေဘရာမိုဗစ်ချ်ဟာ ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အဓိက ကြားဝင်စေ့စပ်ပေးသူအဖြစ် သတ်မှတ်ခံလာရပါတယ်။ ဒီအပေါ်မှာတော့ ဗြိတိန်အမတ် ခရစ္စဘရိုင်ယန့်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်းတာဝန်ရှိသူတွေဟာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ကြပြီဖြစ်ပြီး လက်ရှိအချိန်ထိတော့ တစုံတရာ တိုးတက်မှုမရှိသေးပါဘူး။ ခရစ္စဘရိုင်ယန့်ဟာ ဗြိတိန်မှာရှိတဲ့ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းအရေးယူသင့်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပြောကြားခဲ့ပါတယ်။

သူ ဒီလိုပြောကြားခဲ့ပြီး မကြာခင်မှာပဲ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးမှာရှိတဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို အသင်းဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးလိုက်ပါတယ်။ ဒါ့အပြင် ရုရှားနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဓိက လုပ်ဆောင်ပေးနေတယ်လို့လည်း သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို ရုရှားအကြီးအကဲ နစ်ခ်ပျူဝါဝဲလ်က “ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းအတွက် အေဘရာမိုဗစ်ချ်ကို ယူကရိန်းဘက်က ဆက်သွယ်ခဲ့တယ်ဆိုတာ ကျနော် အတည်ပြုနိုင်ပြီး အေဘရာမိုဗစ်ချ်ကိုယ်တိုင်ကလည်း ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ခရစ္စဘရိုင်ယန့်ကတော့ ဒါကို အလိမ်အညာအဖြစ်သာ ယူဆနေပါတယ်။



ခရစ္စဘရိုင်ယန့်က “ဒီပြောစကားတွေက ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့အတွက် ရုရှားရဲ့အလိမ်အညာတခုပါပဲ။ အေဘရာမိုဗစ်ချ်သာ ပူတင်နဲ့ အရမ်းရင်းနှီးတယ်ဆိုရင် သူက အဲ့ဒီလို လွှမ်းမိုးမှုမျိုးရှိတာပေါ့။ တကယ်လို့ ပြီးခဲ့တဲ့အပတ်က သူ ပူတင်ဆီ အလည်အပတ်သွားခဲ့တယ်ဆိုရင်လည်း သူ့ကို အခုချက်ချင်း ဆန်ရှင်ချရပါမယ်” လို့ တုံ့ပြန်ရေးသားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က