ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ ဂါးရတ် ဆောက်ဂိတ်သာ နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းကို တာဝန်ယူကိုင်တွယ်သွားချင်နေတယ်လို့ သိရပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ချဲလ်ဆီး နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ဂရေဟမ် ပေါ့တား၊ ဘရန်ဒန် ရော့ဂျားစ်၊ အက်ဒီ ဟောင်းတို့ကလည်း အင်္ဂလန်နည်းပြသစ်ဖြစ်လာနိုင်တဲ့စာရင်းထဲမှာ ပါနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ မေဆန် မောင့်၊ ရိစ် ဂျိမ်းစ်၊ ဂယ်လေဂါ၊ စတားလင်း၊ ဘန် ချေးဝဲလ်တို့လို ချဲလ်ဆီးကစားသမားတွေ ရှိနေတာကြောင့် တူဟယ်ဟာ အင်္ဂလန်နည်းပြရာထူးသာ လစ်လပ်သွားရင် နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။။
ဒါပေမယ့်လည်း FA ဟာ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဆောက်ဂိတ်ကို ထိန်းသိမ်းထားချင်နေပြီး အင်္ဂလန်နည်းပြအနေနဲ့ အသင်းနဲ့ ဆက်နေမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် စကားပြောဆိုရာမှာ ဆောက်ဂိတ်က ၎င်းရဲ့ အစီအစဉ်တွေကို ပြန်စဉ်းစားဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
"ပြိုင်ပွဲပြီးတိုင်းမှာ ကျွန်တော်တို့ ထိုင်ပြီး သုံးသပ်ကြတယ်။ ပြန်ဆင်ခြင်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့ အားလုံး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်တာ သေချာအောင်လုပ်ဖို့ အချိန်နည်းနည်း လိုအပ်တယ်။ ကျွန်တော် ဒီလိုပြိုင်ပွဲတွေအဆုံးသတ်တဲ့အခါတိုင်း မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ဖို့ အချိန်လိုအပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကွဲပြားခြားနားတဲ့ ခံစားချက်တွေအများကြီးကို ခင်ဗျား စိတ်ခံစားမှုတွေနဲ့ ဖြတ်သန်းရမှာမို့လို့ပါ။ ဒီလို ပြိုင်ပွဲကို ဖြတ်သန်းဖို့ သုံးခဲ့ရတဲ့ အင်အားကလည်း ကြီးမားခဲ့ပါတယ်"
"ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ချင်တယ်။ အဲဒါက ဘာပဲဖြစ်ဖြစ် အသင်းအတွက်၊ အင်္ဂလန်အတွက်၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက်ကို ချဖို့ အချိန်အနည်းငယ်ယူတာက မှန်တယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲပြီးတာနဲ့ ကျွန်တော့်စိတ်ခံစားချက်က ဘယ်လို ပြောင်းလဲသွားလဲဆိုတာကို အရင်တုန်းကတည်းက သိခဲ့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။