ဝစ်ဂ်မန်းက အင်္ဂလန်အမျိုးသမီးအသင်းနဲ့အတူ ယူရိုချန်ပီယံဖြစ်ခဲ့တာပါ။

အင်္ဂလန်ပရိသတ်တွေကတော့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် အမျိုးသား လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကို ရာထူးက ထုတ်ပယ်ပြီး အမျိုးသမီးအသင်းကို ယူရိုချန်ပီယံဖြစ်အောင် ဆောင်ရွက်ပေးထားတဲ့ ဆရီနာဝစ်ဂ်မန်းကို ခန့်အပ်ဖို့အတွက် တိုက်တွန်းနေကြပါတယ်။



အင်္ဂလန်အမျိုးသမီးအသင်းဟာ ကျင်းပပြီးစီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျာမနီကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ သူတို့အတွက် ပထမဆုံးသော နိုင်ငံတကာ အောင်မြင်မှုအဖြစ် ယူရိုချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ အောင်မြင်မှုတွေနဲ့ ကာလရှည်ဝေးကွာနေတဲ့ အင်္ဂလန်လက်ရွေးစင် ဘောလုံးလောကအတွက် အမြင့်မားဆုံးသော နိုင်ငံတကာ အောင်မြင်မှုတခုဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဆရီနာဝစ်ဂ်မန်းဟာ ပြီးခဲ့တဲ့ (၂၀၁၇) မှာလည်း သူ့ရဲ့ မွေးရပ်မြေ နယ်သာလန်လက်ရွေးစင်အမျိုးသမီးအသင်းကိုလည်း ယူရိုချန်ပီယံဆု ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဝစ်ဂ်မန်းက ယူရိုမှာ မတူညီတဲ့ အသင်းနှစ်သင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့တဲ့ ပထမဆုံးသော နည်းပြတယောက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝစ်ဂ်မန်းဟာ ယူရိုပြိုင်ပွဲမှတ်တမ်းကလည်း တော်တော်လေးကို အားရစရာကောင်းပြီး (၁၂) ပွဲကိုင်တွယ်ချိန်မှာ အဆိုပါ (၁၂) ပွဲလုံးကို နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုချိန်မှာ အင်္ဂလန်ပရိသတ်တွေကတော့ အသက် (၅၂) နှစ်အရွယ် ဝစ်ဂ်မန်းကို ဆောက်ဂိတ်နေရာမှာ အစားထိုးခန့်အပ်ဖို့ နောက်ပြောင်လာကြပြီး အချို့ကတော့ အတည်ပေါက်ကြီးနဲ့ကို အစားထိုးခိုင်းနေကြတာဖြစ်ပါတယ်။

ဆောက်ဂိတ်လက်ထက် အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ပြီးခဲ့တဲ့ ယူရိုမှာ ဗိုလ်လုပွဲမှာ (၂၀၁၈) ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်တို့အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဆုဖလားရရှိဖို့အတွက်တော့ ဝေးကွာနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက အခုလိုပဲ ဆောက်ဂိတ်နေရာမှာ ဝစ်ဂ်မန်းနဲ့ အစားထိုးဖို့ ပြောဆိုနေကြတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က