ချဲလ်ဆီးနည်းပြဟောင်း ပိုချက်တီနိုဟာ ချဲလ်ဆီးနဲ့ လျော်ကြေးငွေကိစ္စတွေ ရှင်းလင်းပြီးတဲ့နောက် အင်္ဂလန်လက်ရွေးစင်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဖိအားတွေအောက် ရောက်ရှိနေတာပါ။
ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ချဲလ်ဆီးနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဘက်ကတော့ သူ့ကို စာချုပ်လျော်ကြေး ပေးချေဖို့ သဘောတူညီခဲ့ပြီး အခုချိန်မှာ ပိုချက်တီနိုက ချဲလ်ဆီးထံက ပေါင် (၁၀) သန်း ရရှိခဲ့တာပါ။
အာဂျင်တီးနားလူမျိုးနည်းပြဟာ ချဲလ်ဆီးကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ဖလားလက်မဲ့ပါဖြစ်ခဲ့တာပါ။ အသင်းက တစ်ရာသီလုံး အဆင့် (၁၀) နေရာမှာ တဝဲလည်လည်ဖြစ်နေခဲ့ပြီး ရာသီကုန်ခါနီးမှ အခြေအနေပြန်ကောင်းပြီး ယူရိုပါလိဂ်ဝင်ခွင့်နေရာကို ရောက်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်က အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ယူရိုပါကွန်ဖရင့်လိဂ်ကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးတို့ ပိုချက်တီနိုနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး အခုချိန်မှာ ပိုချက်တီနိုက အင်္ဂလန်နည်းပြနေရာအတွက် ရေပန်းစားလာခဲ့တာပါ။
ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ မှာ အင်္ဂလန်ကို နှစ်ပွဲကိုင်တွယ်ပြီးချိန်မှ တစ်ပွဲမှ မရှုံးသေးဘဲ ရမှတ် (၄) မှတ် ရယူပေးထားပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဆိုးရွားတဲ့ ကစားပုံကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ပြိုင်ပွဲအပြီးမှာ အင်္ဂလန်နဲ့ လမ်းခွဲဖွယ်ရှိကြောင်းကိုလည်း ဆောက်ဂိတ်က အရင်ကတည်းက အရိပ်အမြွက် ဖွင့်ဟခဲ့ဖူးပါတယ်။