အာဆင်နယ်ကစားသမားတွေဟာ ယနေ့ညမှာ ဆောက်သမ်တန်ကို အနိုင်ကစားနိုင်မယ်ဆိုရင် တစ်ဦးကို ပေါင် ၅ သိန်းအထိ ဆုကြေးငွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ စိန့်တွေကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆုဖလားပြိုင်ဘက် မန်စီးတီးက ယခုအပတ်မှာ အက်ဖ်အေဖလားပွဲကစားဖို့ရှိနေတာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၇မှတ်အသာနဲ့ ဦးဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ ဆက်တိုက် သရေကျခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲမှာ အရေးကြီးတဲ့ ရမှတ် ၄ မှတ်အထိ လျော့ကျခဲ့တာကြောင့် ယနေ့ညမှာတော့ နိုင်ပွဲ ပြန်လည်ရယူသွားချင်နေမှာ ဖြစ်ပါတယ်။
အာဆင်နယ်သာ ဆောက်သမ်တန်ကို အနိုင်ယူနိုင်မယ်ဆိုရင် ယခုရာသီကို ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ အာမခံချက်ရရှိသွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရရှိသွားမှာဖြစ်ပါတယ်။ ဥရောပရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးပြိုင်ပွဲကို ဝင်ခွင့်ရတဲ့အသင်းဟာ အနည်းဆုံး ဆုကြေးငွေ၊ ရုပ်သံထုတ်လွှင့်ခ အနည်းဆုံး ပေါင်သန်း ၅၀ ရရှိမှာဖြစ်ပြီး အဲဒီထဲက ရာခိုင်နှုန်းအချို့ဟာ အာဆင်နယ်ကစားသမားတွေ ရရှိသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ပထမအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ်ဆိုရင် ကစားသမားတစ်ဦးကို ဆုကြေးငွေ ပေါင် ၅ သိန်းအထိ ရရှိမယ်လို့ ကတိပေးခြင်း ခံခဲ့ရတယ်လို့သိရပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ထိပ်ဆုံး ၄ နေရာထဲက တစ်နေရာမှာ ရာသီပြီးဆုံးရင် အာတီတာရဲ့အသင်းဟာ ကြီးမားတဲ့ ပမာဏ ရရှိမှာဖြစ်ပြီး ကစားသမားတွေကြား ခွဲဝေယူရမှာဖြစ်ပြီး ကိန်းဂဏန်းတွေအပေါ် အခြေခံတွက်ချက်ပြီး အများဆုံး ပေါင် ၅ သိန်းဝန်းကျင် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ နောက်ဆုံးမှာတော့ ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်ပြီး အဆင့် ၅ နေရာနဲ့သာ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပေမယ့်လည်း အဲဒီ သဘောတူညီမှုက ရှိနေသေးတယ်လို့ ယူဆရတာကြောင့် လက်ရှိမှာတော့ အာဆင်နယ်ကစားသမားတွေဟာ ယခုရာသီမှာ အဲဒီဆုကြေးငွေကို ရရှိမှာ သေချာနေပြီဖြစ်ပုံပေါ်ပါတယ်။