ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တူချယ်လ်က ဒီပွဲမှာ ကစားသမားစာရင်းကို တော်တော်လေး အပြောင်းအလဲလုပ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ချာလိုဘာ့ဂ်၊ လော့ဖ်တပ်ချိခ်၊ ဘင်ချီဝဲလ်၊ အိုဒွိုင်းတို့ ပွဲထွက်လာခဲ့ပါတယ်။ ဆောက်သမ်တန်ကလည်း သူတို့အတွက် ပုံမှန်တောင့်တင်းပါတယ်ဆိုတဲ့ လူစာရင်းကိုပဲ အသုံးပြုခဲ့ပါတယ်။

ပွဲကစားချိန် (၈) မိနစ်မှာပဲ ချဲလ်ဆီးအတွက် ချာလိုဘာ့ဂ်က အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအတွက် လွယ်ကူတဲ့နိုင်ပွဲတစ်ပွဲဖြစ်လာမယ်လို့ အားလုံးကမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ထင်တဲ့အတိုင်းဖြစ်မလာခဲ့ဘဲ ဆောက်သမ်တန်ရဲ့ရုန်းအားကြောင့် ချဲလ်ဆီးတို့ အခက်တွေ့ခဲ့ရပါသေးတယ်။

ချဲလ်ဆီးက ပွဲကိုစီးစီးပိုးပိုးကစားနိုင်ဖို့၊ ဆောက်သမ်တန် ခေါင်းမထောင်နိုင်အောင် ဖိထားနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် လူကာကူ၊ တီမိုဗာနာတို့ရဲ့သွင်းဂိုးတွေ ခွင့်ပြုခြင်းမခံရတာကြောင့်လည်း ချဲလ်ဆီးတို့ ကံဆိုးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ဝက်ဒ်ပရော့စ်ရဲ့ ပင်နယ်တီကတစ်ဆင့် ချဲလ်ဆီးတို့ ချေပဂိုးပြန်ပေးလိုက်ရပြီး နောက်ပိုင်း အနိုင်ဂိုးရဖို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပါတယ်။

ချေပဂိုးရှင် ဝက်ဒ်ပရော့စ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရပြီး ဆောက်သမ်တန်တို့ (၁၀) ယောက်တည်းကျန်တဲ့နောက် ဆောက်သမ်တန်တို့ ချဲလ်ဆီးတိုက်စစ်ကို ဒီထက်ပိုမတောင့်ခံနိုင်တော့ပါဘူး။

ပွဲကစားချိန် (၈၄) မိနစ်မှာ အက်ဇ်ပီလီကွီတာရဲ့ဂိုးဧရိယာထဲ ဖြတ်တင်ပေးပို့မှုကို တီမိုဗာနာ အလိုက်သင့်ပိတ်သွင်းပေးနိုင်ခဲ့ပါတယ်။ (၈၉) မိနစ်မှာလည်း လူကာကူ၊ အက်ဇ်ပီလီကွီတာတို့ရဲ့ ကန်ချက်တွေ တိုင်ထိထွက်လာတာကို ဘင်ချီဝဲလ်ရဲ့ ထောင့်ဖြတ်အနေအထားနဲ့ လှလှပပကန်ချက် ဂိုးဝင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီး၊ ဂျူဗင်တပ်စ်တို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ ချဲလ်ဆီး ဒီပွဲမှာ ခက်ခက်ခဲခဲနိုင်ပွဲပြန်ရတာက အသင်းရဲ့စိတ်ဓာတ်ပိုင်းအတွက် အရေးပါခဲ့ပါတယ်။ တူချယ်လ်ရဲ့လူထုတ်ပုံတွေက အငြင်းပွားစရာတွေရှိပေမယ့် လိုအပ်နေချိန်မှာ လိုသလောက် အပြောင်းအလဲတွေ ပြုလုပ်နိုင်ခဲ့တာကြောင့်လည်း ချဲလ်ဆီးတို့ အခုလိုနိုင်ပွဲပြန်တွေ့ခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးတို့ မနက်ဖြန်မှာ ကစားမယ့် လီဗာပူနဲ့ မန်စီးတီးပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီဦးဆောင်နိုင်လိုက်ပြီလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က