ဒီတစ်ပတ်မှာတော့ ရုံးပိတ်ရက်မှာခရီးသွားဖို့ပြင်ဆင်နေတဲ့ Duwun ရဲ့ ပရိတ်သတ်တွေအတွက် ဆောင်းရာသီမှာလည်ပတ်သင့်တဲ့ မြို့ (၃)မြို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မန္တလေး - မြန်မာ့ထီးနန်းတည်ထောင်ရာ နောက်ဆုံးမြို့တော်
မန္တလေးမြို့ဟာ ယနေ့ခေတ်အချိန်အထိ မြန်မာတို့ရဲ့ ထီးမွေနန်းမွေများကိုထိန်းသိမ်းထားရာ မြို့ကြီးဖြစ်ပြီး အမှန်တကယ်သာယာလှပတဲ့ လည်ပတ်စရာနေရာတွေ၊ မြည်းစမ်းကြည့်စရာ အစားအစာတွေနှင့် ပြည့်နှက်နေပါတယ်။ အထင်ကရနေရာတွေဖြစ်တဲ့ “The World’s Largest Book” လို့ ကမ္ဘာတစ်ဝှမ်းမှာ လူသိများတဲ့ ကုသိုလ်တော်ဘုရား၊ တန်ခိုးကြီးသပ္ပါယ်တဲ့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၊ နှစ်ပေါင်း ၁၇၂ နှစ်ရှိပြီဖြစ်တဲ့ ဦးပိန်တံတားတို့ကတော့ သမိုင်းကြောင်းအရစိတ်ဝင်စားစရာကောင်းတာမို့ သွားလည်သင့်တဲ့နေရာတွေပါ။ မန္တလေးထမင်းသုပ်၊ ထမင်းပေါင်းတို့ကတော့ မန္တလေးရောက်ရင် စားကိုစားကြည့်သင့်တဲ့ ဒေသအစားအစာဖြစ်ပါတယ်နော်။ အခွင့်သာမယ်ဆိုရင်တော့ ရွှေမန္တလေးမြို့ဟာ ခုကာလမှာလည်ပတ်သင့်တဲ့မြို့တွေ့ထဲမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
ပုဂံ - လွင်ပြင်ထက်မှ မိုးပျံပူဖောင်းများ
ဘယ်နှစ်ခေါက်လာလာ မတူညီတဲ့ခံစားချက်တွေနဲ့ ရိုးမသွားတဲ့နေရာကတော့ မြန်မာတို့ရဲ့ ပုဂံမြို့ပါပဲ။ ပုဂံမြို့ဟောင်း၊ ညောင်ဦး၊ ပုဂံမြို့သစ်ဆိုပြီး အပိုင်း (၃) ပိုင်းခွဲထားပြီး အဲ့ဒီထဲကမှ ပုံဂံမြို့ဟောင်းကတော့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ၊ ရှေးဂူဘုရားတွေနဲ့ တကူးတကစောင့်ကြည့်ရတဲ့ ညနေခင်း နေဝင်ဆည်းဆာချိန် အလှတရားတွေကြောင့် လူတိုင်းကလည်ပတ်ချင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ရှေးဟောင်းဘုရားတွေရဲ့ လျှို့ဝှက်ဆန်းကျယ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းကိုလေ့လာရင်း လက်ရာကောင်းတဲ့အညာဒေသ အစားအစာတွေကို သုံးဆောင်နိုင်မှာပါ။ ဒါ့အပြင် မိုးပျံပူဖောင်းစီးရင်း Sunrise ကြည့်တာ၊ ဧရာဝတီမြစ်ထဲမှာ Cruise စီးရင်း Sunset ခံစားကြည့်ရှုတာတွေက ဘယ်နေရာမှ မရနိုင်တဲ့ အတွေ့အကြုံဖြစ်တဲ့အတွက် တစ်ခါလောက်တော့ဖြစ်ဖြစ် ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အင်းလေး – ရေပြင်ကျယ်နဲ့ ဥယျာဉ်မြို့တော်
အင်းလေးကန်ရဲ့ ရေပြာပြာထက်မှာလှေစီးရင်း တောင်တန်းကြီးတွေဝန်းရံထားတဲ့ကြားကနေ တိုက်ခတ်လာတဲ့ အေးစိမ့်စိမ့်လေပြေရဲ့ခံစားချက်ကတော့ ဘာနဲ့မှလဲလို့ရမယ်မထင်ပါဘူး။ ခြေတံရှည် ရေပေါ်အိမ်လေးတွေ၊ ရေပေါ်ပျိုးဥယျာဉ်တွေနဲ့ အချိန်အကန့်အသတ်နဲ့သာဖွင့်တဲ့ ရေပေါ်ပျံကျဈေးလေးတွေဟာ အင်းလေးရဲ့ချစ်စရာပြယုဒ်တခုလိုဖြစ်နေပါတယ်။ တောင်တက်ရတာလိုမျိုး စွန့်စားခရီးကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း အင်းလေးရဲ့တောင်တန်းတွေဟာ တခြားကမ္ဘာတစ်ခုကို ရောက်သွားတယ်လို့ထင်ရလောက်အောင် သာယာလွန်းလှပါတယ်။ ဒါ့အပြင် ပုဂံက စေတီပုထိုးတွေနဲ့ တူပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွားကတည်ထားခဲ့ပေမယ့်လည်း ရှေးဟောင်းလက်ရာတွေမပျက်စီးသေးတဲ့ အင်းလေးအနီးက ရွှေအင်းတိန်စေတီကိုသွားရောက်ဖူးမြှော်နိင်ပါသေးတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။