ဆောင်းတွင်းအငွေ့အသက်တွေနဲ့အတူ ခရီးသွားလို့ကောင်းတဲ့အချိန်လည်းရောက်လာပြီဆိုတော့ ဘယ်သွားရမလဲဆိုတာစဉ်းစားပြီးသွားပြီလား။ အေးချမ်းသာယာတဲ့ ဆောင်းရာသီရဲ့အနှစ်သာရကို ပြည်တွင်းမှာလည်းခံစားနိုင်ဖို့ဆိုရင်တော့ ဒီနေရာတွေကို မေ့ထားလို့မဖြစ်ဘူးနော်။
ကလော
ကလောမြို့ကတော့ သဘာဝတောင်တန်းတွေရဲ့ အလှအပတရားတွေကို ဘန်ဂလိုအိမ်လေးထဲကနေ ကော်ဖီပူပူလေးသောက်ပြီး ဖြတ်သန်းလို့ကောင်းတဲ့နေရာတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ မြို့ပတ်လည်မှာ တောင်တန်းတွေနဲ့ဝန်းရံထားတဲ့ ကလောမြို့ရဲ့ ရင်သပ်ရှုမောဖွယ် တိမ်ပင်လယ်အလှအပတွေက ဆောင်းရာသီအတွက်အကောင်းဆုံးလည်ပတ်စရာတစ်ခုပဲပေါ့။ မြို့ကျဉ်းကျဉ်းလေးနဲ့ လည်ပတ်စရာတွေပေါများတဲ့ ကလောမှာဆိုရင် သူငယ်ချင်းတွေအုပ်စုလိုက် Trekking လုပ်ချင်လား၊ ကော်ဖီဆိုင်ထိုင်ရင်း အစားအသောက်တွေ လျှောက်စားချင်လား စိတ်တိုင်းကျစားသောက်လည်ပတ်လို့ကောင်းတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ နာမည်ကြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေဖြစ်တဲ့ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိတဲ့ ကလောဘူတာ၊ သက်တမ်းရင့် သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်တဲ့ Kalaw Heritage Hotel, ကလောမြို့ရဲ့အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ကလောနာရီစင် နဲ့ ထင်းရှုးတောတွေမှာလည်း ဓာတ်ပုံလှလှလေးတွေရိုက်ခဲ့ဦးနော်။
ပုဂံ
ရာသီဥတု အေးအေးနဲ့ နေရောင်ခြည်နွေးနွေးအောက်မှာ သမိုင်းဝင်ပုဂံဘုရားတွေကို ဖူးမြော်ရတာကလည်း စိတ်ကြည်နူးစရာကောင်းတဲ့ခရီးသွားအနှစ်သာရကိုခံစားရစေနိုင်ပါတယ်။ မနက်ခင်းစောစော မြူခိုးတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ တစ်သက်တာမေ့မရတဲ့နေထွက်ချိန် ပုဂံရဲ့ရှုခင်းတွေကို မီးပုံးပျံကြီးစီးပြီး ခံစားလို့ရသလို ပုဂံရဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ထဲကနေ ဇိမ်ခံသင်္ဘောကြီးစီးရင်း နေဝင်ဆည်းဆာရဲ့အလှတွေပါ တပြိုင်နက်ခံစားနိုင်သေးတယ်နော်။ ပုဂံရောက်တိုင်းနောက်ထပ် မလုပ်မဖြစ်အရာတစ်ခုကတော့ မန်ကျည်းပင်အောက်က အကြော်စုံလေးကို ရေနွေးကြမ်းနွေးနွေးလေးသောက်ပြီး ခံစားခဲ့ဖို့ မမေ့ပါနဲ့ဦး။
ပြင်ဦးလွင်
ဆောင်းရောက်ပြီဆိုတာနဲ့ သွားလည်သင့်တဲ့နေရာတွေထဲမှာ တောင်လှေကားမြို့တော်၊ ပန်းမြို့တော်လို့လည်းခေါ်ကြတဲ့ ပြင်ဦးလွင်ကိုတော့မေ့ထားလို့မရဘူးပေါ့။ တိမ်ခိုးတိမ်ငွေ့တွေကြားမှာ လတ်ဆတ်တဲ့ဒေသထွက်ဝိုင်လေးသောက်ရင်း အေးအေးချမ်းချမ်း အပန်းဖြေချင်တဲ့အခါမျိုးတွေဆိုရင်တော့ ပြင်ဦးလွင်ကအကောင်းဆုံးရွေးချယ်သင့်တဲ့မြို့တစ်ခုပါပဲ။ ကိုလိုနီခေတ်အဆောက်အအုံတွေကြားမှာ မြင်းလှည်းလေးစီးပြီးလည်ပတ်ရတာကလည်း ပြင်ဦးလွင်မြို့ရဲ့ ဆွဲဆောင်မှုတစ်ခုလို့ပြောလို့ရပါတယ်။ ဒီဇင်ဘာလတိုင်းကျင်းပနေကြ အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ ပန်းမျိုးစုံပြပွဲ ပန်းပွဲတော်ရဲ့အလှအပတွေကြည့်ရှုနိုင်မယ့် အခွင့်အရေးကြီးလည်းရှိတာကြောင့် လက်လွှတ်ခံလို့မဖြစ်ဘူးနော်။
ငွေဆောင်
အားလပ်ရက်ပိတ်ရက်ရှည်တွေကို ကောင်းကင်ပြာပြာအောက်မှာ လတ်ဆတ်တဲ့ လေကောင်းလေသန့်ရှုရင်း အနားယူချင်ရင်တော့ ပင်လယ်ကိုရွေးနော်။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် လာမယ့်နှစ်သစ်ကို ကမ်းခြေမှာ မီးပုံးပွဲလုပ်ရင်း၊ မီးရှူးမီးပန်းတွေဖောက်ရင်း ကုန်ဆုံးဖို့စဉ်းစားထားရင်တော့ ငွေဆောင်ကမ်းခြေက အရွေးချယ်သင့်ဆုံးနေရာတစ်ခုပါပဲ။ လတ်ဆတ်တဲ့ ပင်လယ်စာတွေစားပြီး ရေအောက် သန္တာကျောက်တန်းအလှတွေကို ရေငုပ်ရင်း ခံစားနိုင်သလို သဘာဝအတိုင်းလှပနေတဲ့ ကျွန်းတွေကိုလည်း လည်ပတ်နိုင်ပါသေးတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။