ဆောင်းရာသီဆိုရင် ဆေးရုံ ဆေးခန်းတွေမှာ လူနာအပြည့်ဖြစ်နေရတဲ့ အဓိက တရားခံတွေကတော့ အအေးမိ ၊ ဖျားနာနဲ့ အဆုတ်ရောင်ရောဂါတွေပါပဲ။
ဆောင်းရာသီဖြစ်တဲ့အတွက် ရာသီဉတုအေးတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ ကိုယ်ခံစနစ်ကျတတ်လို့ Common Cold Virus ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ဝင်ရောက်သွားတတ်ပါတယ်။ အဲဒီလို ဝင်ရောက်သွားတဲ့အခါမှာတော့ နှာရည်ယိုတာတွေ ၊ ချောင်းဆိုးတာတွေ ၊ ဖျားတာတွေ ဆိုပြီး ဖြစ်လာနိုင်ပါတယ်။
ဆင်တူသလိုလို ထင်ရတဲ့ အအေးမိ နဲ့ တုပ်ကွေး
လက္ခဏာတွေကတော့ အအေးမိ common cold နဲ့ တုပ်ကွေး flu တို့ဟာ တူညီကြပါတယ်။ ပျံ့နှံ့တဲ့ ရာသီဉတုကလည်း တူတယ်၊ ဖြစ်ပွားတဲ့ ရာသီအချိန်ကလည်း တူညီကြပေမယ့် လက္ခဏာ နည်းနည်းတော့ ကွဲပါတယ်။
common cold အအေးမိခြင်း
common cold အအေးမိခြင်းကြောင့် ဖြစ်တဲ့ ရောဂါမှာတော့ ဖျားတာအပြင် နှာစေး ၊ ချောင်းဆိုး ပိုဖြစ်ပါတယ်။ နှာရည်ယို ၊ နှာခေါင်းပိတ် ၊ ချောင်းဆိုးနေဆိုရင် common cold ပိုဖြစ်နိုင်ပါတယ်။
INFLUENZAR တုပ်ကွေး
INFLUENZAR တုပ်ကွေးမှာတော့ ဖျားတာအပြင် ခေါင်းကိုက် ၊ ကိုယ်လက်ကိုက် ပြီး နှာစေးချောင်းဆိုးက နည်းနည်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ INFLUENZAR တုပ်ကွေး ပိုဖြစ်နိုင်ပါတယ်။
common cold ကြောင့် လုပ်ငန်းခွင်ပျက်တဲ့သူတွေ နည်းပေမယ့် INFLUENZAR ကြောင့် ပိုများပါတယ်။ ဒါကြောင့်မို့ တုပ်ကွေးက ပိုပြီးဆိုးတယ်လို့ အကြမ်းဖျင်း မှတ်ထားလို့ ရပါတယ်။
ဆောင်းရာသီမှာ ဘာ့ကြောင့် အအေးမိတုပ်ကွေး အဖြစ်များရတာလဲ
ဆောင်းရာသီမှာ အအေးမိတုပ်ကွေးအဖြစ်များတာ အဓိကအားဖြင့် နှစ်ချက်ရှိပါတယ်။ ဆောင်းရာသီမှာ ရာသီဉတုအေးပြီး စိုထိုင်းဆကလည်း သင့်ရုံရှိတဲ့အတွက် ပတ်ဝန်းကျင်အေးတဲ့အခါမှာ ဗိုင်းရပ်စ်တွေရဲ့ ပွားတဲ့ နှုန်းက အရင်ကထက် ပို များလာပါတယ် ။ ဒီလို ပွားများလာတဲ့ ဗိုင်းရပ်စ်တွေက လေထုထဲ ၊ ပတ်ဝန်းကျင်ထဲမှာ အသက်ရှည်ရှည် ကြာကြာနေနိုင်တဲ့ အတွက်၊ ဒီနှစ်ချက်ကြောင့်မို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ပိုးတွေ အများကြီးရှိနေတယ်။
လူတွေအနေနဲ့လည်း ရာသီဉတု အေးတဲ့ အချိန်မှာ လှုပ်ရှားမှုနည်းလာပြီး ကိုယ့်ရဲ့ ကိုယ်ခံစနစ်တွေ ကျလာပါတယ်။ ကိုယ်ခံအားကျတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဗိုင်းရပ်စ် ကော ဘတ်တီးရီးယားပိုးတွေကော ဝင်ရောက်တဲ့ အခါမှာ အအေးမိတုပ်ကွေးတွေ ပိုပြီးဖြစ်ကြတယ်။
အအေးမိတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
ကြိုတင်ကာကွယ်မယ်ဆိုရင်တော့ တစ်ဉီးချင်းစီရဲ့ ကိုယ်ခံစနစ် မြင့်အောင် လုပ်ရပါမယ်။ အသီးအရွက် အသီးအနှံတွေ ပိုစားရမယ်။ အိပ်ရေးဝဝ အိပ်ရမယ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်၊ နွေးနွေးထွေးထွေးနေရမယ်။ ဒါတွေ အားလုံး က ကိုယ့်ရဲ့ ကိုယ်ခံစနစ်တက်ရာမှာ အထောက်အကူပေးပါတယ်၊ နောက်တစ်ခုကတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ပိုးတွေ နဲ့ ဝေးဝေးနေရမှာပါ။ ရောဂါပိုးရှိတဲ့ သူတွေနဲ့ ဝေးဝေးနေမယ်၊ ဆေးရုံဆေးခန်းသွားရင် Mask တပ်မယ်ဆိုရင်တော့ ဆောင်းရာသီမှာ အအေးမိတုပ်ကွေးဖျားနာခြင်းကနေ ကင်းဝေးပါပြီ။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Health Talk အစီအစဉ်မှ အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင် ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။