ဆောင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် မေမေတို့အနေနဲ့ ကလေးကျန်းမာရေးအတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရင်ဆုံးသတိပြုရမှာကတော့ ကိုဗစ်ထက် ကြောက်စရာကောင်းတဲ့ ရာသီတုပ်ကွေးပါပဲ။ ရာသီအကူးအပြောင်းလည်းဖြစ်၊ အေးတဲ့ ရာသီလည်းဖြစ်တာကြောင့် များသောအားဖြင့် ကလေးတွေမှာချောင်းဆိုးတာ၊ နှာစေးတာ၊ အဖျားဝင်တာမျိုး တွေ ဖြစ်တတ်ပါတယ်။ ဒီလို ရာသီအကူးအပြောင်းကာလမှာ ကလေးတွေကျန်းမာရေးအတွက် ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာ အာဟာ ရအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က အခုလို အကြံပြုမျှဝေထားပါတယ်။

ဆောင်းရာသီမှာ ကလေးတွေ ဘာကြောင့် ဖျားကြတာလဲ

Photo: Freepik

ဆောင်းရာသီမှာ ရာသီတုပ်ကွေးတွေက ဗိုင်းရပ်စ်ကြောင့် အများဆုံးဖြစ်တာပါ။ ကလေးတွေ ဖျားနာ၊ အအေးမိတုပ်ကွေးဖြစ်ရခြင်းရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းက ဘက်တီးရီးယားကြောင့် ဖြစ်တယ်လို့ ဒေါက်တာဝင်းဝင်းမြင့်က ဆိုပါတယ်။ တချို့ကလေးလေးတွေ ဆို အဖျားတော့ကျသွားပါတယ်။ ချောင်းဆိုးတာ လေး ငါးရက်လောက်ထိ ကျန်တာတွေ့ ရပါတယ်။ အဲဒါက ဗိုင်း ရပ်စ်က အဆုတ်ထဲထိဝင်သွားတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ့် ရဲ့ ကိုယ်ခံစွမ်းအားနဲ့တိုက်ထုတ်ရနိုင်ပါတယ်။ ဒါကြောင့် နဂိုတည်းက ကလေးကို ကိုယ်ခံစွမ်းအားကောင်းအောင် လုပ်ပေးထားတယ်ဆိုရင် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မှာ ဖြစ်ပြီး သူများကလေးတွေ နှာစေးချောင်းဆိုးဖြစ်တယ်ဆိုရင်တောင်မှ မိမိကလေးက မဖြစ်တော့ပါဘူး။ ဒါကြောင့် မေမေတို့က အရင်ဆုံး ကိုယ့်ကလေးကို ကိုယ်ခံစွမ်းအောင် ကောင်းအောင် လုပ်ပေးထားဖို့ လိုပါတယ်။  

ကလေးတွေ ကိုယ်ခံစွမ်းအားကောင်းအောင် ဘာလုပ်ပေးကြမလဲ

Photo: Healthline

ကလေးကို ကိုယ်ခံစွမ်းအောင် ကောင်းအောင်လုပ်ပေးဖို့ ဆိုတာ အဓိကကတော့ သင့်တင်မျှတတဲ့ အစားအသောက်ကို ကျွေးထား ရပါမယ်။ ကလေးတစ်ယောက်ကို အစားအသောက် ကျွေးပြီဆို ကာဗွန်ဟိုက်ဒြိတ်လို့ခေါ်တဲ့ ကစီဓာတ်ပါရပါမယ်။ ပရိုတင်းလို့ ခေါ်တဲ့အသားဓာတ်ပါရပါမယ်။ အဆီဓာတ်ပါ ရမယ်။ ဗိုက်တာမင် သတ္တုဓာတ်ပါရပါမယ်။ ‌ရေဓာတ်ပါ ရပါမယ်။ ဒီလိုမျိုး အာဟာရဓာတ် ခြောက်ခုလုံးကို စုံလင်အောင် ကျွေးထားတယ်ဆိုပါက ကလေးဟာတော်တော်လေးကို ကိုယ်ခံစွမ်းအားကောင်းနေပြီလို့ ပြောလို့ ရပါတယ်။

ကိုယ်ခံအားကောင်းစေဖို့ ပရိုတင်းဓာတ် အဓိက ပြည့်ဝဖို့လိုပါတယ်

Photo: iStock

တစ်ခါတလေမှာ ကလေးက အာဟာရဓာတ်ခြောက်ခုစလုံးကို အကုန်မစားနိုင်ပါဘူး။ အဲဒီလိုမစားနိုင်တဲ့ကလေးအတွက် ကိုယ်ခံအားပြည့်ဝနေဖို့ဆိုရင် အဓိက ပရိုတင်းဓာတ်လိုပါတယ်။ ပရိုတင်းဓာတ်ကို ကြက်ဥ၊အသားနဲ့ နို့တို့ကနေ ရပါတယ်။ ဒါကြောင့်ကလေးတစ်ယောက်ကို နို့၊ကြက်ဥ၊ အသားတစ်မျိုးမျိုးကို မဖြစ်မနေ ကျွေးစေချင်ပါတယ်။ ကလေးက အသားမစားဘူးဆို ကြက်ပေါင်းရည်နဲ့ အစားထိုးကျွေးတာမျိုး၊ ငါးတွေနဲ့‌ ကျွေးတာမျိုးတွေ လုပ်ပေးလို့သင့်ပါတယ်။ ကလေးတွေကို ကျွေးလို့အလွယ်ဆုံးကတော့ နို့ပဲ ဖြစ်ပါတယ်။ နှစ်နှစ်အရွယ်အထိ မိခင်နို့တိုက်တာကတော့ အကောင်းဆုံး အာဟာရဖြစ်ပါတယ်။ ကလေးက နှစ်နှစ်ကျော်သွားရင်တော့ ဖော်မြူလာနို့ သို့မဟုတ် သဘာဝနို့တွေ တိုက်နိုင်ပါတယ်။ ကလေးက ငါးနှစ် ၊ ခြောက်နှစ်ဖြစ်လာပြီဆိုရင်တော့ အိုဗာတင်း၊ မိုင်လိုတို့လို အာဟာရပြည့် အမှုန့်တွေ တိုက်လို့ရပါတယ်။ ဒါကြောင့် အစားသိပ်မစားတဲ့ကလေးဆိုပါက နို့ကို ပြည့်ပြည့်ဝဝတိုက်ကျွေးထားမယ်ဆိုပါက ကိုယ်ခံအားကောင်းနေမှာဖြစ်ပါတယ်။

သဘာဝနည်းလမ်းတွေနဲ့ ကလေးတွေကို အာဟာရပြည့်ဝအောင်လုပ်ပေးပါ

Photo: Everyday Health

သတ္တုဓာတ်ဆိုလည်း ဗီတာမင် စီ၊ဇင့်၊ ဒီတို့လည်း ပြည့်စုံနေအောင် လုပ်ထားသင့်ပါတယ်။ ဗီတာမင်စီဓာတ် ရအောင် အရည်ရွှမ်းတဲ့အသီးတွေ ကျွေးပါ။ ဗီတာမင်ဒီအတွက်ဆို ကလေးတွေကို မနက်ခင်းနေ ရောင်ခြည်အောက်မှာ နေပူလှန်းပေးတာ စတဲ့ ကို ဒီလို သဘာဝနည်းလမ်းတွေနဲ့ ကလေးကို အာဟာရ ဓာတ်ပြည့်ဝအောင်လုပ်ပေးထားဖို့လိုပါတယ်။ ဒါဆို ကလေးတစ်ယောက်က ကိုယ်ခံစွမ်းအားကောင်းနေမှာပါ။ ကလေးက ဖျားနာခဲ့ရင်တောင် ကိုယ်ခံစွမ်းအားကောင်းနေတာဖြစ်တဲ့အတွက် အလွန်ဆုံးဖြစ်ရင် အနည်းဆုံး ၃ ရက်ကနေ အများဆုံး ၅ ရက်လောက်အထိပဲ ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းလေ‌လေ ဗိုင်း ရပ်စ်ပိုးကိုတိုက်ထုတ်နိုင်တဲ့နှုန်းက ပိုမြန်လေလေဖြစ်တဲ့အတွက် မေမေတို့အနေနဲ့ မိမိတို့ ရင်နှစ်သည်းချာလေးတွေ အမြဲကျန်းကျန်းမာမာဖြစ်စေဖို့ ကိုယ်ခံစွမ်းအားကောင်းအောင် အာဟာ ရဓာတ်စုံစုံလင်လင် ကျွေးထားဖို့ လိုအပ်ပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် အာဟာရဆိုင် ရာအထူးကုဆရာဝန် ကြီး ဒေါက်တာဝင်းဝင်းမြင့်မှ ဆွေးနွေးအကြံပြု မျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က