အင်္ဂါနေ့ညက အယ်လ် ဟီလာလ်အသင်းကို အယ်လ်နာဆာက ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပရိသတ်တွေကို ရိုင်းပျတဲ့ အမူအရာ ပြုလုပ်ပြခဲ့ပြီးနောက် နိုင်ငံကနေ မောင်းထုတ်ပစ်ဖို့ ဆော်ဒီ ရှေ့နေတစ်ဦးက တောင်းဆိုခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ၎င်းရဲ့ ပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ကြွေးကြော်နေတဲ့ ပရိသတ်တွေကို ကွင်းထဲကနေ ထွက်ခွာချိန်မှာ ငယ်ပါကို ကိုင်ပြပြီး တုံ့ပြန်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ရှေ့နေ နုဖ် ဘင်အာမက်က အဲဒီဖြစ်စဉ်ကို တုံ့ပြန်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ၎င်းရဲ့ အပြုအမူအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရစေချင်နေတာ ဖြစ်ပါတယ်။
“အဲဒါက အများသူငှာကို အသရေပျက်စေတဲ့ ပြစ်မှုကျူးလွန်မှုလို့ သတ်မှတ်လို့ရပြီး အဲဒါကို နိုင်ငံခြားသားတစ်ဦးက ကျူးလွန်ခဲ့တယ်ဆိုရင် ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေထဲက တစ်ခုပါ။”လို့ အာမက်က တွစ်တာမှာ ပြောကြားခဲ့ပြီး သူမအနေနဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ အများသူငှာကို မဖွယ်မရာပြုမူခဲ့တဲ့ ပြစ်မှုကျူးလွန်မှုကို ဆော်ဒီ အစိုးရရှေ့နေရုံးကို တိုင်ကြားသွားမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျက ဂျာနယ်လစ်တွေဆီကနေလည်း ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး အိုဇမန် အဘူဘာကာက အယ်လ်နာအသင်းအနေနဲ့ ပရိသတ်တွေကို ကိုယ်ကျင့်တရားပျက်ယွင်းပြီး မယဉ်ကျေးတဲ့ အပြုအမူပြုလုပ်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်းတန်ကြေးရှိတဲ့ စာချုပ်ကို ဖျက်သိမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အယ်လ်နာဆာအသင်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲစဉ်အတွင်းမှာ ၎င်းရဲ့ ငယ်ပါကို ထိခိုက်မိခဲ့တဲ့အတွက် ကိုင်တွယ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။