ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နာဆာနဲ့အတူ ပထမဆုံး တစ်လအပြည့်ကစားခဲ့တဲ့ ဖေဖော်ဝါရီလအတွက် ဆော်ဒီ ပရိုလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သူဖြစ်ပြီး ရူဒီ ဂါစီယာရဲ့အသင်းအတွက် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဖာတာနဲ့ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ပေါ်တူဂီကြယ်ပွင့်ဟာ အယ်လ် ဝါဒါ၊ ဒါးမက်တို့နဲ့ပွဲစဉ်မှာ စူပါဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အယ်လ်တာဝမ်နဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ လက်ရှိ ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၈ ပွဲကနေ ရမှတ် ၄၃ မှတ်နဲ့ ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာက အယ်လ်အစ်တီဟတ်ကို ၂ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျက ဘဝကို အကောင်းဆုံး မစတင်နိုင်ခဲ့ဘဲ ပထမဆုံး ပွဲစဉ် ၂ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပေမယ့်လည်း ဘလွန်ဒေါ ၅ ဆုရှင်ဟာ ခြေစွမ်းကို ထူးထူးခြားခြား အပြောင်းအလဲ ပြုလုပ်နိုင်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကို ပြသနေတာဖြစ်ပါတယ်။