ဘင်ဆယ်လ်မန်ရဲ့ နောက်ထပ်အပုပ်နံ့တစ်ခု ထွက်ပေါ်လာခဲ့တာပါ။

ဘင်ဆယ်လ်မန်ဟာ ရုရှားနိုင်ငံကနေ အဆိပ်ပါတဲ့ လက်စွပ်ကိုရရှိခဲ့ပြီး ဘုရင် Abdullah နဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာ သတ်ပစ်ဖို့ဆန္ဒရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။


နယူးကာဆယ်ယူနိုက်တက်အသင်းပိုင်ရှင်သစ်ဖြစ်လာတဲ့ ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ဟာ ပင်လယ်ကွေ့နိုင်ငံ(ဆော်ဒီ)ရဲ့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဘုရင်ဖြစ်သူကို သတ်ဖြတ်ဖို့အထိ ကြံစည်ခဲ့ဖူးတယ်လို့ သူလျှိုဟောင်းတစ်ဦးက ဖွင့်ချလိုက်ပါတယ်။ Saad al-Jabri လို့ ခေါ်တဲ့ အေးဂျင့်ဟောင်းဟာ လက်ရှိမှာ ကနေဒါနိုင်ငံမှာ ခိုလှုံနေသူဖြစ်ပြီး ဘင်ဆယ်လ်မန်ဟာ စိတ်ရောဂါရှိသူဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

၂၀၁၄ ခုနှစ်မှာ သူက ပင်လယ်ကွေ့နိုင်ငံတော်ရဲ့ဘုရင် Abdullah ကို သတ်ပစ်ချင်ပြီး သူ့ဖခင်ထီးနန်းစိုးစံခွင့် မြန်မြန်ရအောင် လုပ်ပေးချင်ခဲ့တာဖြစ်ကြောင်း ဖွင့်ချခဲ့တာပါ။ CBS ရုပ်သံနဲ့ ပြုလုပ်ခဲ့တဲ့ တစ်နာရီကြာအင်တာဗျူးမှာ Saad al-Jabri က ဘင်ဆယ်လ်မန်ဟာ ရုရှားနိုင်ငံကနေ အဆိပ်ပါတဲ့ လက်စွပ်ကိုရရှိခဲ့ပြီး ဘုရင် Abdullah နဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာ သတ်ပစ်ဖို့ဆန္ဒရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အင်တာဗျူးအစီအစဉ်အတွင်းမှာပဲ သူက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အမေရိကန်နိုင်ငံသားတွေကို အကူအညီတောင်းခံခဲ့ပြီး ဆော်ဒီမှာ ဖမ်းဆီးခံထားရတဲ့ သူ့ရဲ့ကလေးတွေကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ "ကျွန်တော့်မှာ မှတ်တမ်းတင်ဗီဒီယိုတစ်ခုရှိပြီး စွပ်စွဲချက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်ဗီဒီယိုကို လူသိရှင်ကြားထုတ်ပြန်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။ 

သူလျှိုဟောင်းက ဘင်ဆယ်လ်မန်ဟာ သူ့ကို တစ်နေ့မှာ သတ်ဖြတ်ဖို့ ကြိုးစားမယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး ဆော်ဒီပြည်သူတွေကို စာနာမှုမရှိုအုပ်ချုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတဝှမ်းလုံးကိုပါ ခြိမ်းခြောက်နေတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အမည်းစက်တွေရှိနေတဲ့ ဘင်ဆယ်လ်မန်အတွက် နောက်ထပ်ထိုးနှက်ချက်လည်းဖြစ်လာခဲ့ပါတယ်။

သတင်းထောက်တစ်ဦးကိုသတ်ဖြတ်ခဲ့မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဘင်ဆယ်လ်မန်ဟာ နယူးကာဆယ်အသင်းကို မကြာသေးခင်တဲ့အချိန်ကမှ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဝယ်ယူမှုအပေါ်မှာ ကန့်ကွက်မှုတွေရှိနေခဲ့ပေမယ့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ခွင့်ပြုခဲ့ပြီး အားကစားလောကမှာပါ ထင်ပေါ်ကျော်ကြားချင်တဲ့ ဘင်ဆယ်လ်မန်ရဲ့ ဆန္ဒတွေက ပြည့်ဝခဲ့ပါတယ်။ 

Share

က္က