ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က ဆော်ဒီပရိုလိဂ်နဲ့ပတ်သက်လို့ ဝေဖန်ပြောကြားမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ကာရေဂါကို တုံ့ပြန်လာခဲ့ပါတယ်။ ကာရေဂါက ဆော်ဒီလိဂ်ရဲ့ ငွေသုံးကြမ်းမှုကို ဝေဖန်ခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေကိုလည်း ဆော်ဒီထံ မပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် ဘာနာဒိုဆေးလ်ဗားကို ဆော်ဒီကလပ်တွေဘက်က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာတဲ့နောက် ကာရေဂါက ဒီကစားသမားကို ဆော်ဒီမပြောင်းဖို့ တားမြစ်ခဲ့ပါတယ်။ ဒီလိုမျိုး ဆော်ဒီနဲ့ပတ်သက်လို့ အဆိုးမြင်ဝါဒီရှိတဲ့သူတွေထဲမှာ ယူနိုက်တက် နောက်ခံလူဟောင်းတစ်ယောက်ဖြစ်တဲ့ ဂယ်ရီနဗီးလ်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် ဖာဒီနန်ကတော့ သူ့ဘော်ဒါကြီး ရော်နယ်ဒိုရှိနေတဲ့ ဆော်ဒီနဲ့ပတ်သက်လို့ အခုလိုပဲ ကာကွယ်လာခဲ့ပါတယ်။ ဖာဒီနန်က “ကာရေဂါရေ... ကာရေဂါ။ ခင်ဗျား အခု ဘယ်မှာလဲ။ မင်းဆော်ဒီနဲ့ပတ်သက်လို့ မကောင်းပြောနေတာတွေ အများကြီးကို ငါကြားထားတယ်။ ဘာနာဒိုဆေးလ်ဗားနဲ့ ပတ်သက်ပြီးတော့ရောပေါ့။ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး”
“ဒါက တော်တော် ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ပဲ။ ဒီလိဂ်ကို စုံစမ်းစစ်ဆေးရမယ်၊ ဘာညာ အစရှိသဖြင့်ပေါ့။ အခု ဂျရတ်လည်း အဲ့ဒီကိုသွားပြီ။ အန်ဖီးလ်မှာ ပွဲတွေကန်တုန်းကဆို မင်းက သူ့ဖိနပ်နဲ့ အိတ်တွေကို သယ်ပေးနေကျလေ။ မင်းကောင်တွေ သွားတဲ့အခါကျတော့ ဘာအသံမှမကြားရပါလားကွာ။ စိတ်ပျက်တယ်တို့ ဘာတို့ပေါ့”
“ဂျရတ်တစ်ယောက် အဲ့ဒီကိုသွားတာ ကျွန်တော် ယုံတောင် မယုံနိုင်ဘူးဗျာတို့ဘာတို့ပေါ့။ ဆော်ဒီသွားတဲ့ အခြားသူတွေအတွက် ငါ စိတ်တောင် မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီက ဆော်ဒီဖြစ်နေလို့ လူတွေက စိတ်ဆိုးကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ အခြားနိုင်ငံတွေ၊ လိဂ်တွေကလည်း လုံးဝကို တစ်ပုံစံတည်း လုပ်ခဲ့ဖူးကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။