ဆော်ဒီလိဂ်မှာ လက်ရှိရောက်ရှိနေတဲ့ နာမည်ကျော် ကစားသမားတွေနဲ့ နည်းပြအများစုက လက်ရှိအချိန်မှာ အိမ်ပြန်လိုနေပြီး ဆော်ဒီမြေကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ဆော်ဒီကလပ်တွေက ဥရောပက နာမည်ကျော် ကစားသမားတွေကို ငွေကြေးအလုံးအရင်းနဲ့ ခေါ်ယူခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အယ်လ်နာဆာက ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့တဲ့နောက် ဆော်ဒီပရိုလိဂ်တစ်ခုလုံးက ဒီလမ်းစဉ်ကို လိုက်လာခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာ၊ ကန်တေ၊ ကူလီဘလီ၊ မန်ဒီ၊ ဖေမီနို၊ မာနေးတို့လို ကြယ်ပွင့်တွေအပါအဝင် နည်းပြနေရာမှာလည်း ဂျရတ်တို့လို ပုဂ္ဂိုလ်တွေ ရောက်ရှိလာခဲ့တာပါ။
လက်ရှိအချိန်မှာလည်း ဆော်ဒီကလပ်တွေက ကြယ်ပွင့်တွေကို ခေါ်ယူမယ့် သူတို့ရဲ့ အစီအစဉ်တွေကို ရပ်တန့်လိုခြင်းမရှိသေးဘဲ လာမယ့်အပြောင်းအရွှေ့တွေမှာလည်း ပုံစံတူ ခေါ်ယူမှုတွေကို ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် မက်ဆီကိုလည်း ကာလတို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ကစားသမားအများစုက ဆော်ဒီမြေကို ပြောင်းရွှေ့လာခဲ့တဲ့အပေါ် နောင်တရနေပြီး စာချုပ်ဖျက်သိမ်းဖို့ကလည်း စာချုပ်ပါ အချက်အလက်တွေကြောင့် အခက်တွေ့နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ကစားသမားတွေဟာ ကွင်းအတွင်း ပရိသတ်ဝင်ရောက် ကြည့်ရှုမှု အရေအတွက် ကျဆင်းလာတာကို အဓိကစိတ်ပျက်နေကြပါတယ်။
ပုံမှန်အားဖြင့် ဆော်ဒီလိဂ်ပွဲတွေမှာ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက်က ထောင်ဂဏန်းသာရှိပြီး သောင်းဂဏန်းတောင်မပြည့်ပါဘူး။ ဒါက အခြားလိဂ်တွေနဲ့ ယှဉ်ရင် တော်တော်လေးနည်းပါးနေတဲ့ အရေအတွက်ဖြစ်ပြီး ပွဲစဉ်တွေမှာ လာရောက်ကြည့်ရှုတဲ့ ပျမ်းမျှ ပရိသတ်ကလည်း ငါးထောင် ဝန်းကျင်သာရှိနေကြာင်း သိရှိရပါတယ်။