အယ်လ်ဟီလယ်ရဲ့ ကစားသမားသစ် နေမာက ဆော်ဒီမြေကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးနောက် အယ်လ်နာဆာတိုက်စစ်မှူးကြီး ရော်နယ်ဒိုကို လူသိရှင်ကြား ချီးကျူးလိုက်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆော်ဒီမြေကို ပြောင်းရွှေ့ခဲ့တာပါ။
သူ့အနေနဲ့ ဆော်ဒီကလပ်မှာ ယူရိုသန်း (၁၆၀) အထိ ရရှိမှာဖြစ်ပြီး ဒါဟာ ကစားသမားတစ်ယောက်အတွက်တော့ မက်လောက်စရာ ငွေကြေးပမာဏပဲဖြစ်ပါတယ်။ ဒီလိုမျိုး အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံး အင်တာဗျူးမှာပဲ နေမာက ရော်နယ်ဒိုကို ချီးကျူးခဲ့တာပါ။
နေမာက “ရော်နယ်ဒိုက ဒီကိစ္စကို အစပြုခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လူတိုင်းက သူ့ကို ရူးနေတယ်လို့ ပြောခဲ့ကြပေမယ့် အခုချိန်မှာတော့ ဆော်ဒီပရိုလိဂ်ကို ကစားသမားတွေ ထပ်ထပ်ပြီး ရောက်လာကြပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာပါ။ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာတော့ ဆော်ဒီကလပ်တွေ ငွေကြေးအလုံးအရင်း အသုံးပြုပြီး ဥရောပရဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူလျက်ရှိပါတယ်။
မက်ဆီကိုလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ဆော်ဒီကလပ်တွေဟာ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာ၊ ကန်တေ၊ မာရက်ဇ်၊ လာပေါ့တ်တို့ အပါအဝင် ဥရောပရဲ့ နာမည်ကျော် ကစားသမားအများအပြားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အခု နောက်ဆုံးမှာတော့ နေမာကိုပါ ခေါ်ယူနိုင်ခဲ့ပြီး နောက်ထပ် နာမည်ကျော်တွေကို ထပ်မံခေါ်ယူဖို့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။