လီဗာပူးနည်းပြ ကလော့ပ်က ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်က ဥရောပလိဂ်တွေရဲ့ အပြောင်းအရွှေ့ပိတ်ချိန်နဲ့ ကွာဟနေတဲ့အပေါ် ဖီဖာ ဒါမှမဟုတ် ယူအီးအက်ဖ်အေက တစ်ခုခု သေချာပေါက် စီစဉ်ပေးသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ဆော်ဒီလိဂ်ဟာ လာမယ့် စက်တင်ဘာလ (၂၀) ရက်နေ့မှ အပြောင်းအရွှေ့ပိတ်သိမ်းမှာပါ။
ဒီအချက်က ဥရောပအသင်းကြီးတွေအတွက် သူတို့ရဲ့ ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆော်ဒီကလပ်တွေဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဥရောပက နာမည်ကျော် ကစားသမားတွေကို ငွေကြေးအလုံးအရင်း အသုံးပြုပြီး ခေါ်ယူလျက်ရှိပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၊ ကွင်းလယ်လူ ဖာဘင်ဟိုတို့ကလည်း လက်ရှိနွေရာသီမှာပဲ ဆော်ဒီကလပ်တွေကို အသီးသီး ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ကတော့ ဩဂုတ်လ (၃၁) ရက်နေ့မှာ ပိတ်သိမ်းမှာပါ။
အဲ့ဒါကြောင့်လည်း ကလော့ပ်က “ဒါက အခုချိန်မှာ ကြီးမားတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ အဆိုးရွားဆုံးကတော့ ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့က (၃) ပတ်လောက် ပိုမိုရှည်လျားနေတာပါ။ ကျွန်တော် ကြားထားသလိုသာ အမှန်ဆိုရင် ဒါက ဥရောပအတွက် ဘာမှအကူအညီမဖြစ်ပါဘူး။ ယူအီးအက်ဖ်အေ ဒါမှမဟုတ် ဖီဖာက ဒီအပေါ်မှာ သေချာပေါက် ဖြေရှင်းနည်းရမှာပါ”
“ဒါပေမယ့် နောက်ဆုံးကျရင်တော့ ဘာဖြစ်မလဲ ကျွန်တော်လည်း အတိအကျတော့ မသိပါဘူး။ ဒါက ကျွန်တော်တို့အပေါ် သေချာပေါက် လွှမ်းမိုးမှုရှိပါတယ်။ ဒါကို အသားကျဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ။ လုပ်နိုင်တာလည်း ဒါပဲရှိပါတယ်။ ပြောနိုင်တာလည်း ဒါပဲရှိပြီး အချိန်ကပဲ ဖြေသွားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။