ဆော်ဒီပရိုလိဂ်က လက်ရှိပုံစံအတိုင်းသာ သွားမယ်ဆိုရင် ကမ္ဘာ့ထိပ်တန်းအဆင့်လိဂ်တခုဖြစ်လာလိမ့်မယ်လို့ ခရစ္စတီယာနိုရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ယူရိုခြေစစ်ပွဲတွေ ကစားပေးဖို့အတွက် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေတဲ့ ရော်နယ်ဒိုက ဒီနေ့ကစားရမယ့် လက်ချင်စတိန်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ဆော်ဒီလိဂ်ကတော့ ရော်နယ်ဒိုပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ပရိသတ်စိတ်ဝင်စားမှု များပြားလာခဲ့ပြီး ရုပ်သံလိုင်းအများအပြားက ထုတ်လွှင့်နေရပြီဖြစ်ပါတယ်။ ဆော်ဒီအားကစားဝန်ကြီးကိုယ်တိုင်ကလည်း ရော်နယ်ဒိုကြောင့် သူတို့လိဂ်က ကမ္ဘာ့အနှံ့မှာ ပြသနေရပြီလို့ ဂုဏ်ယူစွာနဲ့ ပြောဆိုခဲ့ပြီး ဒီအပေါ်မှာ ကျေနပ်မိတယ်လို့ မနေ့ကပဲ ပြောဆိုခဲ့ပါသေးတယ်။
ရော်နယ်ဒိုက "ဆော်ဒီလိဂ်က အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပါ၊ ပရီးမီးယားလိဂ်တော့မဟုတ်ဘူပေါ့၊ ကျနော်မလိမ်ပါဘူး၊ ဒါပေမယ့်လည်း ဒီလိဂ်က ကျနော့်ကို အံ့အားသင့်စေခဲ့တဲ့ လိဂ်တခုပါပဲ၊ ၅နှစ်၊ ၆နှစ်၊ ၇ နှစ်လောက်ကို သူတို့ ဒီလိုမျိုး စီမံကိန်းနဲ့ ဆက်သွားမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ၄ခုမြောက်၊ ၅ခုမြောက် လိဂ်ဖြစ်လာမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာလည်း ဆော်ဒီကလပ်တွေဟာ အခြားသောနာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီထဲမှာ လီယွန်နယ်မက်ဆီတောင်မှ ပါဝင်နေပြီး အယ်လ်အီတီဟတ်အသင်းက ခေါ်ယူချင်နေကာ မက်ဆီရဲ့ဖခင်က ယူရိုသန်း ၆၀၀ အထိ တောင်းဆိုထားတယ်ဆိုတဲ့ ကောလဟလသတင်းတွေတောင် ထွက်လာခဲ့ပါသေးတယ်။
ရော်နယ်ဒိုကတော့ ဆော်ဒီမှာ ၉ ဂိုးအထိ သွင်းယူပေးထားပြီး အယ်လ်နာဆာရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။ အယ်လ်နာဆာက အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်ရှိနေပြီး အယ်လ်အီတီဟတ်နဲ့ အပြိုင်ဖြစ်နေတာပါ။