ရော်နယ်ဒိုကိုယ်တိုင် ဖွင့်ဟခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက သူ လက်ရှိကစားနေတဲ့ ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် ပိုမိုကောင်းမွန်တယ်လို့ ပြောဆိုခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ‌ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီဝက်မှာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။



အခုချိန်မှာတော့ ဆော်ဒီကလပ်အသင်းတွေက ရော်နယ်ဒိုအပြင် ဘန်ဇီမာ၊ ကန်တေ၊ ရူဘင်နီဗက်စ်တို့အပါအဝင် ပရီးမီးယားလိဂ်နဲ့ ဥရောပက ထိပ်တန်းကစားသမားတွေကို ငွေကြေးမက်လုံးပေးပြီး ခေါ်ယူလျက်ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ပရိသတ်အချို့ကတော့ ‌ရော်နယ်ဒိုကို ဥရောပလိဂ်တစ်ခုခုဆီ ပြန်လည် ပြောင်းရွှေ့လာဖို့ မျှော်လင့်နေဆဲလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုကတော့ သူ့အနေနဲ့ ဥရောပကို ပြန်လာတော့မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် ပိုမိုကောင်းမွန်တဲ့ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုက “ကျွန်တော် ဥရောပလိဂ်တွေဆီ ပြန်လာ‌တော့မှာ မဟုတ်ပါဘူး။ ဒီအကြောင်းကို မေ့ပစ်လိုက်ပါ။ ဒီအတွက် တံခါးလုံးဝ ပိတ်သွားတာ သေချာပါတယ်”

“ကျွန်တော်က အသက် (၃၈) နှစ်ရှိနေပြီး ဥရောပဘောလုံးပွဲတွေဆိုတာကလည်း အရည်အသွေးပိုင်းတွေ ပျောက်ဆုံးနေကြပါပြီ။ အရည်အသွေးရှိသေးတာဆိုလို့ ပရီးမီးယားလိဂ်ပဲ ကျန်ပါတော့တယ်။ သူကတော့ အခြားလိဂ်အားလုံးရဲ့ အပေါ်မှာ ရပ်တည်နေပါတယ်။ ဒီတော့ ကျွန်တော် ဥရောပကို ပြန်မလာတော့တာ လုံးဝသေချာပါတယ်”

“ကျွန်တော်က ဆော်ဒီလိဂ်ကို လမ်းသစ်ဖောက်ပေးခဲ့ပြီး အခုဆိုရင် ကစားသမားအားလုံးက ဒီကို လာနေကြပါပြီ။ ဆော်ဒီလိဂ်က မေဂျာလိဂ်ထက်လည်း ပိုကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် မဟာပြိုင်ဘက်ဖြစ်ခဲ့တဲ့ မက်ဆီက မကြာခင်ကမှ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီး ရော်နယ်ဒိုရဲ့ ဒီပြောစကားကတော့ မက်ဆီကိုပါ တစ်ပါတည်း ထိုးနှက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က