ပရီးမီးယားလိဂ်ကလပ်တွေဟာ ဆော်ဒီကလပ်တွေရဲ့ ငွေကြေးအသုံးကြမ်းမှုအပေါ် စိုးရိမ်နေပြီး ဒီလိဂ်ရဲ့ ငွေကြေးသုံးစွဲမှုအပေါ်မှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာကြပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ငွေသုံးကြမ်းခဲ့တဲ့ လိဂ်တစ်ခုပါ။
ဘန်ဇီမာ၊ ကန်တေတို့အပါအဝင် ဥရောပရဲ့ နာမည်ကျော် ကစားသမားအများအပြားကို ဆော်ဒီကလပ်တွေက အရခေါ်ယူနိုင်ခဲ့ပြီး အခြားသောကစားသမားတွေကိုလည်း ငွေကြေး စိတ်ကြိုက်သုံးစွဲပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူး အဓိကကြယ်ပွင့် ဆာလာ၊ ယူနိုက်တက်မှာ အဆင်မပြေတဲ့ ဆန်ချိုကိုလည်း အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ ကြိုးစားခဲ့ပါတယ်။
အနာဂတ်မှာလည်း ဆော်ဒီကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုက ဥရောပထိပ်တန်းအသင်းကြီးတွေအတွက် အန္တရာယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဥရောပအသင်းတွေဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ထိန်းချုပ်ခံထားရပြီး ငွေကြေးအဝင်အထွက် မျှတမှုရှိအောင် ချိန်ဆသုံးစွဲရပါတယ်။
ဆော်ဒီကလပ်တွေမှာတော့ ဒါမျိုးမရှိဘဲ ကစားသမားတွေအတွက် စိတ်ကြိုက်လစာ၊ ပြောင်းရွှေ့ကြေးတွေကို ပေးချေနိုင်ပြီး ဒီအပေါ်မှာ ပရီးမီးယားလိဂ်ကလပ်တွေက ဘဝင်မကျဖြစ်နေတာပါ။ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး (၆) သင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တံခါးပိတ်ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး ဒီဆွေးနွေးပွဲမှာ ဆော်ဒီကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ အသင်းတွေအနေနဲ့ ဖီဖာ၊ ယူအီးအက်ဖ်အေတို့အနေနဲ့ ဆော်ဒီကလပ်တွေကို ထိန်းချုပ်ပေးနိုင်ဖို့ မျှော်လင့်နေပြီး ဒီအတွက် လိုအပ်တာတွေလည်း ပြင်ဆင်သွားမယ်လို့ သိရှိရပါတယ်။ ဆော်ဒီကလပ်တွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပရီးမီးယားလိဂ်က မန်ဒီ၊ ကူလီဘလီ၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ နီဗက်စ်၊ မီထရိုဗစ်တို့လို ကစားသမားတွေကိုလည်း ငွေကြေးစိတ်ကြိုက်သုံးစွဲပြီး ခေါ်ယူသွားခဲ့ပါသေးတယ်။