အယ်လ်နာဆာတိုက်စစ်မှူးရော်နယ်ဒိုဟာ စက်တင်ဘာလအတွက် ဆော်ဒီလိဂ်တလတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါပြီ။ ဩဂုတ်လရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း သူပဲရရှိထားတာဖြစ်ပြီး ၂ လ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ကာ သူ့ရဲ့ ခြေစွမ်းကောင်းမွန်မှုတွေက အားလုံးအထက်မှာရှိနေခဲ့တာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုးတွေဆက်တိုက်သွင်းယူနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းက အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်မှာလည်း သူက တဂိုးသွင်းယူပေးခဲ့ပြီး သူ့အတွက် ဒီပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာလအတွင်းမှာ ရော်နယ်ဒိုက လိဂ်ပွဲ ၄ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းယူခဲ့ကာ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အာရှချန်ပီယံလိဂ် ၂ပွဲကစားခဲ့ကာ ၁ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းအားဖြင့် သွင်းဂိုး ၆ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆော်ဒီလိဂ်က သူ့ရဲ့စွမ်းဆောင်ရည်အတွက် တလတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ၃၆ ဂိုးအထိ ရရှိခဲ့တာ ဟာလန်းတဦးတည်းသာ သူ့အထက်မှာ ရှိပြီး ၁ ဂိုးတည်းသာ ကွာဟတာပါ။ သူဟာ နောက်ဆုံးကစားပေးခဲ့တဲ့ ၈ ပွဲမှာ ၈ ဂိုးသွင်း၊ ၄ ကြိမ်ဖန်တီးကာ ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၁၀၀၀ ပြည့်ဖို့အတွက် ၁၄၅ ဂိုးသာ လိုအပ်တော့တာလည်းဖြစ်ပါတယ်။