အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက ဆော်ဒီအာရေဗျမြေမှာ အစောပိုင်း ရုန်းကန်ခဲ့ရပုံ၊ ကွာခြားချက်တွေအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ဖျက်သိမ်းပြီးနောက် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာပါ။
ရော်နယ်ဒိုအတွက်တော့ အာရှမြေအတွေ့အကြုံက တော်တော်လေး အသစ်အဆန်း ဖြစ်နေခဲ့မှာ သေချာပါတယ်။ ဒါ့အပြင် ရာသီဥတု၊ လူနေမှုပုံစံ၊ ဘာသာရေးအစရှိတဲ့ ကွဲပြားခြားနားမှုတွေကလည်း ရော်နယ်ဒို ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုတော့ ရော်နယ်ဒိုတစ်ယောက် ကောင်းကောင်း ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဒီလိုမျိုး အာရှမြေခရီးကြမ်းက မချောမွေ့တာကို ရော်နယ်ဒိုက အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ရော်နယ်ဒိုက “ဆော်ဒီမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံး ကွာခြားချက်က အပူချိန်ပါပဲ။ နောက်ပြီး ဒီမှာက လေ့ကျင့်ခန်းဆင်းဖို့အတွက် အချိန်နောက်ကျပြီးမှ ဆင်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတု ပိုအေးသွားဖို့အတွက်ပါ။ ဒါတွေကိုလည်း ကျွန်တော် အသားကျအောင် ကြိုးစားခဲ့ရပါတယ်”
“ဒါပေမယ့် အခုတော့ ကျွန်တော် ဒါတွေနဲ့ အဆင်ပြေနေပါပြီ။ ဒီမှာ ရှိတဲ့ ပရိသတ်တွေက အရမ်းကိုကောင်းမွန်ပြီး ကျွန်တော့်ကိုလည်း ကြိုဆိုကြပါတယ်။ နောက်ပြီး ဒီလိုမျိုး အံ့အားသင့်စရာ ခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက်လည်း ဒီပရိသတ်တွေက အရေးပါခဲ့ပါတယ်။ လိဂ်တွေ၊ နိုင်ငံတွေကတော့ ကွဲပြားမှုတွေရှိမှာပါပဲ”
“ကျွန်တော့်အနေနဲ့ ဒီလိုမျိုး ဥရောပမှာ မတူညီတဲ့ လိဂ်သုံးခုမှာ အတွေ့အကြုံတွေရခဲ့တဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံဟာ အပူချိန်မြင့်မားတဲ့ နိုင်ငံဖြစ်ပြီး မကြာခဏဆိုသလို အပူချိန်က (၄၀) ဒီဂရီအထိ ရောက်ရှိလာလေ့ရှိကြောင်းလည်း သိရှိရပါတယ်။