အယ်လ်ဟီလယ် တိုက်စစ်ကစားသမား နေမာဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ရီယက်ဒ်နဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ အယ်လ်ဟီလယ်က ဧည့်သည်အသင်းကို ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
နေမာဟာ ပွဲကစားချိန် (၆၄) မိနစ်မှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ပွဲကစားချိန် (၈၃) မိနစ်မှာ သွင်းယူခဲ့တဲ့ မယ်လ်ကွန်ရဲ့ သွင်းဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင် အယ်လ်ဟီလယ်က အယ်လ်ရီယက်ဒ်ကို ခြေပြတ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အသင်းအတွက် အဖွင့်ဂိုးကို မီထရိုဗစ်က ပင်နယ်တီကတစ်ဆင့် သွင်းယူနိုင်ခဲ့ပြီး မီလင်ကိုဗစ်ဆာဗစ်၊ မယ်လ်ကွန်တို့ဆီကလည်း ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေမြင်တွေ့ခဲ့ရပါတယ်။ နေမာကလည်း လူစားဝင်လာပြီးနောက်ပိုင်း ပြိုင်ဘက်အတွက် အန္တရာယ်ရှိတဲ့ တိုက်စစ်ဆင် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
နေမာအတွက်ကတော့ ဆော်ဒီကစားသမားဘဝ ပထမဆုံးပွဲမှာ အခုလိုမျိုး ခြေစွမ်းပြ၊ ဂိုးဖန်တီးနိုင်ခဲ့တာက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နေမာတစ်ယောက် ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးဘူးဆိုတဲ့ အသံတွေကလည်း ထွက်ပေါ်နေဆဲပါ။
အယ်လ်ဟီလယ်ဟာ လာမယ့် ကြာသပတေးနေ့မှာ အာရှချန်ပီယံလိဂ်ပွဲအဖြစ် နက်ဗ်ဘာဟောနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မှာရော နေမာတစ်ယောက် ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။