သူ့ခံစားချက်တွေကို ဖွင့်ဟခဲ့တာပါ။

ချယ်လ်ဆီးကစားသမားဘဝအစောပိုင်းမှာ ဝေဖန်မှုတွေခံခဲ့ရတဲ့အပေါ်မှာ ကွင်းလယ်လူဂျော်ဂျင်ဟိုက ပြန်လည်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် အီတလီကွင်းလယ်လူဟာ လက်ရှိမှာအကောင်းဆုံးခြေစွမ်းတွေကို ပြသနေပြီး ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာပိုလီကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခါစမှာ အထိုင်မကျသေးတာကြောင့် ခြေစွမ်းမပြနိုင်သလို သူ့ရဲ့ကစားပုံကလည်း နှေးကွေးလေးလံကာ ပရီးမီးယားလိဂ်နဲ့ အံဝင်မှုမရှိဘူးလို့ ပြစ်တင်ခံခဲ့ရပါတယ်။ အဆိုးရွားဆုံးအချက်ကတော့ သူ့ကိုခေါ်ယူခဲ့တဲ့ နည်းပြဆာရီက ပွဲတိုင်းလိုလိုမှာ ထည့်သွင်းအသုံးပြုနေခဲ့လို့ သူတို့နှစ်ဦးကို သားအဖလို့တောင် သမုတ်ခဲ့ကြပြီး ဒီအပေါ်မှာ သူ အရမ်းဒေါသထွက်ခဲ့ရတယ်လို့ ဂျော်ဂျင်ဟိုက ဖွင့်ဟခဲ့ပါတယ်။ 

The Players' Tribune မှာ ဂျော်ဂျင်ဟိုက "ချယ်လ်ဆီးမှာ စကစားချိန် ကျွန်တော် နာပိုလီကို သတိရနေခဲ့ပါတယ်၊ သူတို့ပြောတာအားလုံးကို ကျွန်တော်တို့ မှတ်မိကြမှာပါ၊ ဟုတ်တယ်မို့လား၊ ကျွန်တော်ကအရမ်းနှေးကွေးတယ်၊ အရမ်းလည်းအားနည်းတယ်၊ ဆာရီရဲ့သားလည်းဖြစ်ခဲ့သေးတယ်၊ အဲဒါက ကျွန်တော့်ကို အရမ်းဒေါသထွက်စေခဲ့ပါတယ်၊ ဒါပေမယ့် အခုကျွန်တော်ပြောတာကို နားထောင်ကြည့်"


"သူတို့က ကျွန်တော့်ကိုအရမ်းလျှော့တွက်လွန်းတယ်၊ ခင်ဗျားလည်းမြင်မှာပါ၊ ကျွန်တော်ရောက်လေရာအသင်းတိုင်းမှာ အစောပိုင်းတော့ ဆူဆူညံညံတွေချည်းပဲ၊ အသင်းတိုင်းမှာပါ၊ အဲဒါက တကယ်ထူးခြားပါတယ်၊ ဗီရိုနာကိုရောက်တော့လည်း ဘယ်သူကမှ ကျွန်တော့်ကိုအလိုမရှိဘူး၊ စတုတ္ထတန်းထိ ကျွန်တော့်ကို အငှားနဲ့ပို့ခဲ့တယ်၊ အဲဒီမှာလည်း ဘယ်သူကမှ ကျွန်တော့်ကို မလိုချင်ကြပြန်ဘူး"


''ကိုယ့်အလုပ်ကိုယ်ကျွန်တော်ကြိုးစားခဲ့တယ်၊ အောင်မြင်မှုကိုလေးစားတယ်၊ ဗီရိုနာကို ပြန်ရောက်ခဲ့ပြီး စီးရီးအေကိုတန်းတက်ခဲ့ပါတယ်၊ နာပိုလီမှာ ခက်ခဲတဲ့နှစ်တစ်နှစ်ကိုဖြတ်သန်းခဲ့ပြီးတော့ ဆာရီရောက်လာချိန်မှာ အားလုံးပြောင်းလဲသွားခဲ့ပါတယ်၊ ချယ်လ်ဆီးမှာလည်း ဒီအတိုင်းပါပဲ၊ ဒါပေမယ့် ဝေဖန်မှုတွေကို လောင်စာအဖြစ် ကျွန်တော်အသုံးပြုခဲ့ပါတယ်၊ ခုဆိုဒီလူတွေရှက်နေမယ်လို့ ကျွန်တော်တွေးမိတယ်၊ အခုတော့ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေ ကျွန်တော့်နားမှာပါ၊ ဝေဖန်မှုတွေအားလုံးအတွက်တော့ ကျွန်တော်ပြောချင်တာတစ်ခုတည်းပါ"


"ကျေးဇူးတင်ပါတယ်၊ တကယ်ပါ၊ အားလုံးကိုကျေးဇူးတင်ပါတယ်" လို့ ရေးသားသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုကတော့ ချယ်လ်ဆီးရဲ့ အဓိကကစားသမားအဖြစ် ရပ်တည်နေပြီဖြစ်ကာ လက်ရွေးစင်အသင်းနဲ့လည်း ယူရိုဖလားကိုဆွတ်ခူးပြီးဖြစ်ပါတယ်။ 

Share

က္က