မြန်မာငွေ ၃၇ သိန်းကျော် ငွေဒဏ် သို့မဟုတ် ၂ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်

မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်များအားလုံးမှာ ဆေးလိပ်သောက်ခွင့် တားမြစ်ပိတ်ပင်မှု ယနေ့ (ဇန်နဝါရီ ၁ ရက်) မှာ စတင်သက်ရောက်ပြီလို့ သိရပါတယ်။ ယခုတားမြစ်ချက်ဟာ အများပြည်သူကို စီးကရက်သောက်ခြင်းနဲ့ တွေ့ကြုံရမှုကနေ ကာကွယ်ရန်ဖြစ်တယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူးရ်ဟေရှမ်းအဗ္ဗဒူလ်လာက ပြောပါတယ်။

(Photo: Reuters)

လေအေးပေးစက်ရှိတဲ့ အခန်းတွင်းစားသောက်ဆိုင်မှာဖြစ်စေ၊ ပြင်ပမှာဖွင့်လှစ်ရောင်းချတဲ့ စားသောက်ဆိုင်မှာဖြစ်စေ စားသောက်ဆိုင်အားလုံးမှာ ဆေးလိပ်မသောက်ရန် မလေးရှားအစိုးရက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ယခု စတင်သက်ရောက်တဲ့ တားမြစ်ချက်အရ စားသောက်ဆိုင်များနဲ့ အစားအသောက် ရောင်းချတဲ့ကောင်တာများရှိတဲ့ အဆောက်အအုံတွေရဲ့ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ ဆေးလိပ်သောက်ခွင့်ကို တားမြစ်ထားပါတယ်။



"ဒီတားမြစ်မှုက လူတွေကို စားပွဲနဲ့ကုလားထိုင်ခင်းပြီး အစားအစာရောင်းချတဲ့ ကောင်တာတွေနဲ့ မော်တော်ယာဉ်တွေပါ အကျုံးဝင်ပါတယ်၊ ဒါ့အပြင် သင်္ဘောနဲ့ရထားတွေပေါ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင်တွေလည်း ပါပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

(Photo: Straits Times)

စားသောက်ဆိုင်တွေနဲ့ အစားအသောက်ရောင်းချတဲ့ နေရာတွေမှာလည်း ဆေးလိပ်မသောက်ရကြောင်း သတိပေးဆိုင်းဘုတ်တွေကို မြင်သာစွာ ထားရှိကြရန်နဲ့ ဆေးလိပ်ပြာခွက်တွေ မထားကြရန်လည်း ၎င်းက သတိပေးခဲ့ပါတယ်။ ယခု တားမြစ်မှုအရ မလေးရှားရှိ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ဆေးလိပ်သောက်သူကို ရင်းဂစ်ငွေ ၁၀,၀၀၀ (မြန်မာငွေ ၃၇ သိန်းကျော်) ငွေဒဏ် သို့မဟုတ် ၂ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

(Photo: Bernama)

ဆေးလိပ်မသောက်ရကြောင်း သတိပေးဆိုင်းဘုတ် ထားရှိရန်ပျက်ကွက်တဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကိုလည်း ဒဏ်ငွေအဖြစ် ရင်းဂစ်ငွေ ၃,၀၀၀ သို့မဟုတ် ထောင်ဒဏ်ခြောက်လ ချမှတ်နိုင်ပါတယ်။ တားမြစ်ထားတဲ့ စားသောက်ဆိုင်နေရာတွေမှာ ဆေးလိပ်သောက်နိုင်ရန် စီစဉ်ပေးသူတွေဟာလည်း ဒဏ်ငွေ မလေးရှားရင်းဂစ် ၅,၀၀၀ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် ကျခံရနိုင်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က