အင်တာမီလန်ရဲ့ ရာသီကြို လေ့ကျင့်ရေးခြေစမ်းပွဲတပွဲမှာ လူကာကူက အသင်းအတွက် တဂိုးသွင်းယူပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲဟာ အင်တာမီလန်အတွက် ဒီနွေရာသီအတွက် ပထမဆုံးသော ရာသီကြိုခြေစမ်းပွဲတပွဲလည်းဖြစ်ခဲ့ပြီး ပဥ္စမတန်းကလပ် မီလန်နီစ်အသင်းကို ၁၀-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ အင်တာမီလန်အတွက် လူကာကူလည်း ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိးတဂိုးကို ခြေစွမ်းပြသွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် နောက်ထပ် အဓိကတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အပါအဝင် အသစ်ခေါ်ယူထားတဲ့ အက်စ်လာနီ၊ ကော်ရီယာ၊ ဖွန်တာနာရိုဆာတို့လည်း အင်တာမီလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
လူကာကူဟာ အင်တာမီလန်ကို အငှားနဲ့ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ပထမဆုံးခြေစမ်းပွဲမှာတင် ဂိုးပေါက်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ခြေစမ်းပွဲတပွဲဖြစ်တာနဲ့အညီ အင်တာမီလန်က လူငယ်ကစားသမားတွေအပါအဝင် ကစားသမားအစုံအလင် အသုံးပြုခဲ့ပြီး ဒီလူငယ်ကစားသမားလေးတွေကလည်း ဂိုးပေါက်ရှာတွေ့ခဲ့ပါတယ်။
လူကာကူသွင်းယူခဲ့တဲ့ဂိုးမှာ သူ့ရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့ ဘောလုံးအထိန်းအသိမ်းကိုပါ မြင်တွေ့ခဲ့ရပါတယ်။ အသင်းဖော်ချပေးလိုက်တဲ့ ဘောလုံးကို လူကာကူက တချက်ထိန်း၊ ပြိုင်ဘက်နောက်ခံလူတယောက်ကို လှည့်ထွက်ပြီး ဘယ်ခြေနဲ့ ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်သွားခဲ့တာာဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၈) ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။
အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက်လည်း ဘောလုံးရာသီမကုန်ခင်တည်းက ဆန္ဒပြင်းပြခဲ့ပါတယ်။ လူကာကူဟာ ချဲလ်ဆီးကိုမပြောင်းရွှေ့ခင်က အင်တာမီလန်အတွက် အကောင်းဆုံးခြေစွမ်းပြပြီး စကူဒက်တိုချန်ပီယံဆုကို ဆွတ်ခူးစေခဲ့ပါတယ်။ အခုတခါ အင်တာမီလန်ကို အငှားနဲ့ တကျော့ပြန်ရောက်ရှိလာချိန်မှာရော လူကာကူတယောက် ဘယ်လောက်အထိ ခြေစွမ်းပြနိုင်ဦးမလဲ စောင့်ကြည့်ရမှာပါ။