မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်ရှိ ကိုးတောင့်ကျေးရွာမှာ အိမ်သာကျင်းအသစ်တူးရာကနေ တွင်းအဟောင်းပြိုကျပြီး အမျိုးသား (၂)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၁၄)ရက်နေ့ မနက် (၁၁)နာရကျော်လောက်က ဖြစ်ပွါးခဲ့တာဖြစ်ပြီး ဦးခင်စောရဲ့ နေအိမ်မှာ အိမ်သာကျင်းတူးတဲ့ အသက် (၆၀)အမျိုးသားတစ်ဦးနဲ့ (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
“ ဟုတ်ပါတယ် ။ မနက်က ကျွန်တော်တို့မြို့နယ်စခန်းကို (၁၁)နာရီ (၅၁)မိနစ်လာက်က သတင်းပို့လို့ ကယ်ဆယ်ရေးအဖွဲ့သွားရောက်ကယ်ဆယ်ခဲ့တာ။ ကယ်ဆယ်ရတော့ နှစ်ဦးလုံးအသက်မရှိတော့ဘူး။ သူတို့က အရင်အိမ်သာကျင်းတူးအဟောင်းဘေးကနေ အသစ်တူးနေတာ။ တူးနေရင်း ဘေးက ကျင်းအဟောင်းကပေါက်ပြီး အသစ်တူးတဲ့ဘက်ကို လျှံကျလာတာမှာ နစ်ပြီး သေဆုံးကုန်တာ”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆိပ်ဖြူမီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်းက Duwun ကိုပြောပါတယ်။
ဖြစ်စဉ်ကို ဆိပ်ဖြူမီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူးအပါ (၁၀)ဦးသွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူတွေကိုတော့ အချိန်(၁၀)မိနစ်ကြာကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရပြီး အောက်ဆီဂျင်ပြတ်သေဆုံးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။