ဆိတ်သားကို အရသာမျိုးစုံနဲ့ မြည်းစမ်းနိုင်မယ့် ရွှေဆိတ်ဟင်းလျာဆိုင်လေးပါ။

ဆိတ်ရိုးသီးစုံပဲဟင်း၊ဆိတ်သားဟင်းကြိုက်သူတွေအတွက် မဆာလာနံ့သင်းသင်း၊ ဟင်းအနှစ်ကျကျလေး ချက်ထားတဲ့ရွှေဆိတ်ဆိတ်သားသီးသန့်ဟင်းလျာရောင်းချတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။




မိသားစုကိုချက်ပြုတ်ကျွေးမွေးရင်း ဝါသနာကိုရှာတွေ့ခဲ့သူ


ဒီဆိုင်လေးကတော့ဆိတ်သားနဲ့ပတ်သက်ရင် ဟင်းအမယ်မျိုးစုံရရှိနိုင်တဲ့ရွှေဆိတ်ဆိတ်သားသီးသန့်ဟင်းလျာ ရောင်းချတဲ့ဆိုင်လေးပါ။ဝါသနာကိုရှာတွေ့ခဲ့တဲ့အိမ်ရှင်မတစ်ဦးရဲ့ ဟင်းချက်လက်ရာတွေကို မြည်းစမ်းနိုင်မယ့် ဆိုင်လေးဖြစ်ပါတယ်။ရွှေဆိတ်ရဲ့ပဲ့ကိုင်ရှင်မသစ်ဟာ အိမ်ထောင်ပြုပြီး အိမ်ရှင်မတစ်ဦး ဖြစ်လာချိန်မှာတော့ မိသားစုကိုချက်ပြုတ်ကျွေးမွေးရင်း သူရဲ့ဝါသနာကိုတွေ့ရှိခဲ့ပြီးကိုယ်တိုင်ဟင်းချက်ရောင်းချင်တဲ့စိတ်ကူးနဲ့ လိုအပ်တဲ့သင်ယူလေ့လာမှုတွေလုပ်ကာ ဒီဆိုင်လေးကိုအစပြုခဲ့တာလို့သိရပါတယ်။

“အိမ်ထောင်မကျခင်က ကျွန်မကအပြင်စီးပွားရေး Marketingပိုင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်ခဲ့တာ။ အိမ်မှုကိစ္စကသိပ်မလုပ်ဖြစ်ခဲ့ဘူး။အိမ်ထောင်ကျပြီး အိမ်ရှင်မဖြစ်လာတဲ့အခါ မိသားစုကိုချက်ပြုတ်ကျွေး မွေးရင်းနဲ့ ကျွန်မရဲ့ဟင်းချက်လက်ရာကို ယုံကြည်မှုရှိလာခဲ့တယ်။အဲ့လိုကနေ ဟင်းချက်ရတာကို ဝါသနာပါလာပြီး ဒီအလုပ်ကို စီးပွားရေးတစ်ခုဖြစ်အောင်လုပ်ချင်တဲ့စိတ်ကူးနဲ့ ဒီဆိုင်လေးကိုစဖြစ်ခဲ့တာပါ”လို့ မသစ်ကပြောပါတယ်။




ဟင်းအိုးလေးနှစ်အိုးနဲ့စခဲ့တဲ့ ရွှေဆိတ်


ဆိတ်သားဟင်းစတင်ရောင်းချစဥ်က ဆိတ်သား၅၀သား၊ဟင်းအိုးလေးနှစ်အိုးနဲ့စခဲ့တာပါ။စရောင်းစဥ်က လက်ရာနဲ့အရသာကို လူမသိသေးတာကြောင့် ရောင်းမကုန်တဲ့နေ့တွေကိုကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားခဲ့တာကြောင့် အခုတော့ စားသုံးသူတွေလက်ခံပြီးနာမည်ရလာတဲ့ ဆိတ်သားသီးသန့်ဟင်းလျာဆိုင်လေးဖြစ်နေပါပြီ။

“စရောင်းတုန်းကဟင်းအိုးလေနှစ်အိုးနဲ့စခဲ့တာခုံလေးသေးသေးလေးနဲ့ အဲ့တုန်းကဆိတ်အရိုးအကျော အရွတ်လေးတွေနဲ့ချက်ထားတဲ့ဆိတ်ပဲတစ်ပွဲတစ်ထောင်နဲ့ရောင်းတာ ဒါပေမယ့်ရောင်းမကောင်းဘူး ပစ္စည်းတွေပိုလို့သွန်ပစ်ရတယ်။အဲ့အချိန်တွေမှာတော့ စိတ်ဓာတ်ကျပြီးရပ်လိုက်ရင် ဒီနေ့လိုရွှေဆိတ် ဆိုပြီးရပ်တည်နေနိုင်မှာ မဟုတ်ဘူး ”လို့ မသစ်ကပြောပါတယ်။



ဆိတ်သား ၁၅ပိသာကျော်နေ့စဥ်ချက်ပြုတ်ရတဲ့ဆိုင်လေးဖြစ်လာ


ဒီလိုမျိုး ဆိတ်သား၅၀သား၊ဟင်းအိုးလေးနှစ်အိုး စားသုံးသူတစ်ဦးစနှစ်ဦးစနဲ့စခဲ့ရတဲ့ဆိုင်လေးဟာ ဆိုင်သက်တမ်း ၁နှစ်ဝန်းကျင်ရှိလာချိန်မှာတော့ စားသုံးသူ အခိုင်အမာနဲ့တစ်ရက်ကို ဆိတ်သားပိသာချိန် ၁၅ပိသာကျော်ကုန်တဲ့အထိ ရောင်းအားကောင်းဆိုင်လေး ဖြစ်လာပါတယ်။

“အခုဆို ရွှေဆိတ်မှာ ဆိတ်သားဟင်းအမယ်ခုနှစ်မျိုးထိရနိုင်ပါတယ်။တစ်ရက်ကို ဆိတ်သားပိသာချိန်၁၅ပိသာနဲ့ ၂၀ကြားလောက်ပုံမှန်ကုန်တယ်။ကိုယ့်အလုပ်ပေါ်မှာပိုကြိုးစားချင်လာတယ်။ကိုယ့်စားသုံးသူတွေကဘယ်လိုလက်ရာကိုကြိုက်တယ်ဆိုတာကိုလည်း လေ့လာတယ်။ေရွှဆိတ်ကို ဒီထက်အောင်မြင်အောင်ဆက်လုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ မသစ်ကသူရဲ့အလုပ်ပေါ်မှာ ကျေနပ်ဂုဏ်ယူစွာပြောပါတယ်။


ရွှေဆိတ်ဟင်းလျာတွေကိုကောင်းမွန်စေတဲ့ အဓိကအချက်က


ရွှေဆိတ်မှာရောင်းချတဲ့ဆိတ်သားဟင်းလျာတွေအနံ့အရသာကောင်းမွန်စေတဲ့ အဓိကအချက်ကတော့ အသားရဲ့လတ်ဆတ်မှုကြောင့်ဖြစ်ပါတယ်။ဟင်းချက်ရာမှာအသုံးပြုတဲ့ဆိတ်သားတွေကို ကိုယ်ပိုင်ဆိတ်သား ဆိုင်ကအသားတွေကိုသာအသုံးပြုတာပါ။ဆိတ်သားလုပ်ငန်းကို နှစ်၈၀နီးပါးမျိုးဆက်အလိုက် လက်ဆင့်ကမ်း လုပ်ကိုင်လာတာကြောင့် ဆိတ်သားနဲ့ပတ်သက်ရင်အသားရွေးချယ်မှုကို သေချာသိရှိတာကအားသာချက်လို့ ဆိုပါတယ်။ဟင်းချက်ရာမှာသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်းကိုယ်တိုင်လုပ်ပြီး အချိုမှုန့်မသုံးဘဲ သဘာဝအချိုအရသာရရှိအောင် ချက်ထားတယ်လို့မသစ်ကပြောပြပါတယ်။

“အမရဲ့ဆိတ်သားဟင်းတွေမှာ အချိုမှုန့်၊အရသာမှုန့်တွေမသုံးဘူး။ သဘာဝအချိုအရသာအတိုင်းပဲ ချက်ပြုတ်ထားတယ်။ဒီလိုချက်နိုင်တာကလည်း အမက ဆိတ်သားကုန်ကြမ်းကို လတ်လတ်ဆတ်ဆတ် အရည်သွေးကောင်းတာကိုသုံးနိုင်လို့ ပြီးတော့ ဘယ်ဟင်းပွဲဆို ဘယ်လိုအသားနဲ့ချက်ရင် အရသာပိုကောင်းတယ် ဆိုတာကိုသိတာကြောင့်ပါ။ဘာလို့လဲဆိုတော့ အမအမျိုးသားဘက်က ဆိတ်သားလုပ်ငန်းကို မျိုးဆက်အလိုက်နှစ်၈၀လောက်ရှိပြီ လက်ဆင့်ကမ်းလုပ်လာကြတာ။အဲ့တော့ ဘယ်အသားကဟင်းချက်ရင် နံတယ်။ဘယ်အသားကမနံဘူးအဲ့လိုသေချာသိတယ်။ဥပမာ ဒန်ပေါက်ချက်ရင်ဘယ်ဆိတ်သုံးရမလဲ၊ ပဲနဲ့ရောမယ်ဆိုဘယ်လိုဆိတ်အရွယ်စားသုံးမလဲ၊အိမ်မှာချက်ဖို့ဆိုဘယ်လိုအရွယ်အစားကိုသုံးရင်အနူးမြန်မလဲ အဲ့လိုအသေချာသိနေတာက အမဟင်းပွဲတွေအတွက်အားသာချက်ဖြစ်စေတာပါ”လို့ မသစ်ကပြောပြပါတယ်။



ရွှေဆိတ်မှာရနိုင်တဲ့ဟင်းအမယ်တွေနဲ့ဆိုင်လိပ်စာ


ရွှေဆိတ်ဆိတ်သားဆိုင်မှာရရှိနိုင်တဲ့ ဆိတ်သားဟင်းလျာတွေကတော့ ဆိတ်သားနှပ်၊ဆိတ်ရင်နူးပဲ၊ ဆိတ်ခြေထောက်စွပ်ပြုတ်၊ဆိတ်ရိုးသီးစုံပဲဟင်း၊ဆိတ်ရင်းနူးဆီပြန်၊ဆိတ်သားSpicyကြော်၊ဆိတ်ချဥ်ဆီရိုးပဲဟင်း တို့ဖြစ်ပါတယ်။ဆိတ်ရိုးသီးစုံပဲဟင်းကတော့ ၁၀၀၀ဖိုးကစပြီးဝယ်နိုင်ပါတယ်။အခြားဆိတ်သားဟင်းလျာ တွေကတော့ ပွဲကြီး၊ပွဲသေးပေါ်မူတည်ကာ ၅၀၀၀၊၁၀၀၀၀ကျပ်အစားစားရှိပါတယ်။ဆိုင်ဖုန်း 09 778 900 789 ကိုဆက်သွယ်နိုင်ပါတယ်။ဆိုင်လိပ်စာလေးကတော့ အမှတ်၁၀၃၊မြေညီ၊၉၁လမ်း၊ကန်တော်လေး မင်္ဂလာတောင်ညွန့်ဖြစ်ပြီး မနက်၁၀နာရီဆိုဆိုင်စဖွင့်ပြီဖြစ်ပါတယ်။ မဆလာနံသင်းသင်းလေးနဲ့ဟင်းအနှစ် ကျကျလေးချက်ထားတဲ့ ဆိတ်သားဟင်းနဲ့ထမင်းမြိန်မြိန်စားချင်သူတွေအတွက်ညွန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က