ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကတော့ ပြောစရာအမျိုးမျိုးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီအထဲမှာ အူစမန်နီ ဒမ်ဘီလီတစ်ယောက် အသင်းဟောင်း ဘာစီလိုနာဘက်ကို ဂိုးသွင်းယူအပြီး အကြီးအကျယ် အောင်ပွဲခံခဲ့တာကလည်း အပါအဝင်ပါ။
ဒမ်ဘီလီဟာ ဘာစီလိုနာမှာ ကာလရှည် ကစားခဲ့ပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ဘာစီလိုနာမှာရှိနေတဲ့တစ်လျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ချည်းပဲ ရုန်းကန်ခဲ့ရပါတယ်။
ကတ်တလန်ကလပ်နဲ့အတူ လုံလောက်တဲ့ အောင်မြင်မှုတွေမရရှိခဲ့တဲ့ ဒီပြင်သစ်သားက မကြာခင်ကပဲ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မနေ့ညက အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာတော့ ဒမ်ဘီလီက ပီအက်စ်ဂျီအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာ ဂိုးသမားနဲ့ နောက်တန်းကတစ်ဆင့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဒမ်ဘီလီက ဂိုးအပေါ်ထောင့်ထဲ အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာပါ။ အဲ့ဒီလိုမျိုး ဂိုးသွင်းယူပြီးတဲ့နောက်မှာတော့ ဒမ်ဘီလီက အပြင်းအထန် အောင်ပွဲခံခဲ့ပြီး ဒီအချက်က ဘာစီလိုနာပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။
ဒမ်ဘီလီဟာ ဘာစီလိုနာမှာ ကစားခဲ့တဲ့တစ်လျှောက်လုံး မကြာခဏ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသူပါ။ ဘာစီလိုနာဘက်က သူ့ကို အမြဲတမ်း ဆေးကုပေးခဲ့ရတာကြောင့်လည်း သူ့ကို ဆေးရုံအုပ်ကြီးလို့ နာမည်ခေါ်တွင်ခဲ့ပြီး အသင်းဟောင်းဘက်ကို ဂိုးသွင်းယူပြီးချိန်မှာလည်း ပြောစရာဖြစ်အောင် အောင်ပွဲခံခဲ့တာကြောင့်လည်း ဘာစီလိုနာပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။