ဒီတစ်ခါမှာတော့ Duwun ပရိတ်သတ်ကြီးတို့ အတွက် အလှူအိမ်မှာ စားရသလိုမျိုး အိုးကြီးချက် အလှူချက် အရသာ နဲ့ ဧရာ၀တီချက်လက်ရာ မုန့်ဟင်းခါး ကောင်းကောင်းလေးစားလို့ရတဲ့ဆိုင်လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။ဆိုင်ရှင် က ပင်စင်စားအမျိုးသမီးတစ်ဉီး ဖြစ်ပြီးတော့ ဆေးကုသစရိတ်အတွက် ငွေပိုငွေလျှံလေး ရအောင် ဖွင့်ခဲ့တဲ့ ကမ္ဘာသစ် ဆိုတဲ့ မုန့်ဟင်းခါးဆိုင်လေး ဖြစ်ပြီး စေတနာအပြည့်ထည့်ပြီး ရောင်းတဲ့ ဆိုင်လေး ဖြစ်ပါတယ်။
ဆိုင်စဖွင့်ဖြစ်ခဲ့တဲ့ အကြောင်းအရင်း
ဘ၀တစ်လျှောက် မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက်အဖြစ် လုပ်ခဲ့ပြီးNew World အမည်နဲ့ အလှပြင်ဆိုင်တွေ ဖွင့်ခဲ့တဲ့ဆိုင်ရှင်က လက်ရှိအသက် အရွယ် ရလာစဉ်မှာတော့ ကျန်းမာရေးမကောင်းတဲ့ ပင်စင်စား အမျိုးသမီးတစ်ဉီးအနေနဲ့ ငွေပိုငွေလျှံမရှိတဲ့အတွက် ဆေးဖိုးလေး ကာမိပါစေ ဆိုပြီး မနက်ပိုင်းအချိန်ခဏကို စတင်ရောင်းချခဲ့ရာကနေ အခုလက်ရှိမှာ ဆိုရင်တော့ အားပေးသူ အများအပြားနဲ့ ရောင်းအားကောင်းတဲ့ ဆိုင်လေးအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စေတနာထားတော့ စေတနာပြန်ရတယ်
ရောင်းချတဲ့ ဆိုင်ရှင်ကိုယ်တိုင်ကလည်း ချက်တာ ပြုတ်တာကို ဝါသနာပါသူတစ်ဉီးဖြစ်ပြီးတော့ စားသုံးသူတွေကိုလည်း စေတနာအပြည့်အဝပြချင်တဲ့အတွက် ချက်ပြုတ်တဲ့ မုန့်ဟင်းခါးကို အလှူချက်ပုံစံမျိုးနဲ့ စတင်ရောင်းချခဲ့တာပါ။ စားသုံးသူတွေအနေနဲ့လည်း ပေးရတဲ့ဈေးနဲ့ စားရတဲ့ အရသာကိုက်ညီမှုရှိအောင်လည်း အဆာပလာ များများထည့်သွင်းရောင်းချတာဖြစ်သလို ဟင်းရည်ဆိုလည်း ပျစ်ပျစ်လေးဖြစ်အောင် ချက်ပြုတ်ပြီး စေတနာထားရောင်းချတာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါကြောင့် စားတဲ့သူတွေ ကလည်း စာနာ ကြပြီး ၀ိုင်း၀န်း အားပေးတဲ့အေနနဲ့ စားသုံး ကြတယ်လို့သိရပါတယ်။
ဒီဆိုင်လေးရဲ့ ထူးခြားချက်
ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ အိမ်မှာစားရသလိုမျိုး စေတနာနဲ့ ချက်တဲ့မုန့်ဟင်းခါး ဖြစ်တဲ့အပြင် ဧရာ၀တီတိုင်းဖက်က ချက်နည်း အတိုင်း အလှူအိမ်မှာချက်သလို အိုးကြီးချက် ချက်ရောင်းတာဖြစ်ပါတယ်။အခြားဖွင့်နေကျရိုးရိုးမုန့်ဟင်းခါးဆိုင်တွေလိုအရသာ ကလည်း ဆိုင်ေရာင်းချက်တဲ့ မုန့်ဟင်းခါးမျိုးမဟုတ် ဘဲနဲ့ လုံး၀ကို ထိမိပျစ်နှစ်အရသာရှိတဲ့မုန့်ဟင်းခါးကို စေတနာအပြည့်ထည့်ပြီး ချက်ရောင်းတဲ့ ဆိုင်လေး ဖြစ်ပါတယ်။
ဆိုင်မှာရတာတွေက
အလှူအိမ်မှာစားရသလိုအရသာပျစ်နှစ်တဲ့မုန့်ဟင်းခါးကိုစားရမှာဖြစ်ပြီးမုန့်ဟင်းခါး အလွတ်တစ်ပွဲကို ၁၅၀၀ကျပ်၊ အကြော်နဲ့ဆို ၂၀၀၀ကျပ်ဖြစ်ပါတယ်။အိုးဘဲဥ၊ဘဲသွေးတို့နဲ့ဆို၂၅၀၀ကျပ်ဖြစ်ပါပြီးမုန့်ဟင်းခါးအပြင် နန်းကြီးသုပ်၊နန်းပြားသုပ်၊ မုန့်ဖတ်သုပ် ၊အစုံသုပ်၊တို့ကိုလည်းရနိုင်ပါတယ်။
ဆိုင်လိပ်စာ
ကမ္ဘာသစ်မုန့်ဟင်းခါးဆိုင်ရဲ့ လိပ်စာကတော့ အထက်ကြည့်မြင်တိုင်၊ ဥယျာဉ်လမ်းထိပ်၊ စလင်းကွင်းမှတ်တိုင်အနီးမှာပဲ ဖြစ်ပါတယ်။မနက် (၃) နာရီကတည်းက မုန့်ဟင်းခါး ဟင်းရည်ကို ထချက်တာ လည်းဖြစ်သလို၊ မနက် (၅) နာရီဝန်းကျင်ကတည်းက ဆိုင်ကို ဖွင့်လှစ်ရောင်းချတာ ဖြစ်တဲ့အတွက် မနက်စောစော စားချင်တဲ့သူတွေ၊ လမ်းလျှောက် .. လေ့ကျင့်ခန်းလုပ်ပြီး မနက်စာ ဝင်စားချင်သူတွေ အတွက်လည်း အထူးအဆင်ပြေမယ့်ဆိုင်လေးဖြစ်လို့လမ်းညွှန်ပေးလိုက်ပါတယ်ရှင့်။