ဒီအချက်ကလေးတွေတော့ ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ သိထားဖို့ လိုပါတယ်

ဆယ်ကျော်သက်ဆိုတဲ့ အရွယ်ဟာ ကလေးလည်းမဟုတ်တော့သလို လူကြီးလည်းမဖြစ်သေးတဲ့အရွယ်ဖြစ်ပြီး ဓမ္မတာစတင်လာတဲ့ အချိန်ဖြစ်တာကြောင့် ဓမ္မတာကျန်းမာရေးအကြောင်းကို မဖြစ်မနေသိထားသင့်ပါတယ်။ 



ကိုယ့်ဓမ္မတာရက်ကို သိအောင်မှတ်သားထားဖို့လိုပါတယ် 

ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ရာသီလာတဲ့ ရက်တွေကို သေသေချာချာမှတ်သားထားဖို့လိုပါတယ်။ ပြက္ခဒိန်မှာ သင်္ကေတလေးတွေနဲ့ မှတ်သားထားလို့ ရသလို ဖုန်းတွေမှာလည်း Period Calendar Application တွေလည်း အများကြီးရှိနေပြီမို့ ဒီလို Application တွေနဲ့လည်း မှတ်သားလို့ ရပါတယ်။  

ပုံမှန်အားဖြင့်တော့ ဓမ္မတာဟာ ရက် ၃၀ အတွင်းမှာ ၅ ရက် ပုံမှန်လာလေ့ရှိပါတယ်။ များသောအားဖြင့်တော့ ၂၈ ရက် တစ်ခါလာလေ့ရှိပါတယ်၊ ဒါပေမယ့် အပျိုဖော်မိန်းကလေးတွေမှာဆိုရင် ဓမ္မတာလာတဲ့အခါမှာ ရက်မမှန်တာလေးတွေ ဖြစ်တတ်တာကြောင့် ဓမ္မတာရက်မမှန်လို့ အရမ်းစိတ်ပူနေစရာမလိုပါဘူး။  

သင့်တော်တဲ့ လစဉ်သုံးပစ္စည်းကို အသုံးပြုပါ

လစဉ်သုံးပစ္စည်းတွေက အမျိုးအစားအများကြီးရှိနေပြီဖြစ်လို့ ကိုယ်နဲ့ သင့်တော်တာကို သုံးလို့ရပါတယ်။ Cup တွေ၊ Tampon တွေ က အပျိုဖြစ်နေလို့ သုံးဖို့ လွယ်ပါ့မလားဆိုတာတွေကလည်း မှားယွင်းနေတဲ့ အတွေးတွေပါ၊ အပျိုဖြစ်ဖြစ် အိမ်ထောင်သည်ဖြစ်ဖြစ် ကိုယ်နဲ့ အဆင်ပြေတဲ့ လစဉ်သုံး ပစ္စည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းသုံးပြီးလို့ စွန့်ပစ်တယ်ဆိုရင်လည်း သေသေချာချာ ထုပ်ပိုးပြီးတော့မှ စနစ်တကျစွန့်ပစ်ဖို့ လိုပါတယ်။ စွန့်ပစ်ပြီးရင်လည်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးဖို့လည်းလိုပါတယ်။ 

ပေါ့ပါးပြီး သက်သောင့်သက်သာရှိတဲ့ အတွင်းခံကို ဝတ်ဆင်ပါ 

အတွင်းခံဝတ်တဲ့အခါမှာလည်း ကျပ်ပြီးလှောင်နေတဲ့ အတွင်းခံမျိုးကိုရှောင်သင့်ပါတယ်။ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး နဲ့ သက်သောင့်သက်သာရှိစေမယ့် အတွင်းခံမျိုးကို ရွေးပြီးတော့ ဝတ်သင့်ပါတယ်။ ဓမ္မတာလာတဲ့အချိန်မှာ စွန်းပေသွားခဲ့ရင်လည်း ပြန်လျှော်ပြီးတော့ သေသေချာချာ နေပူလှန်းလျှော်ပြီးတော့မှသာ ဝတ်ဆင်သင့်ပါတယ်။ အတွင်းခံတွေကို နေပူမှာ သေချာလှန်းဖို့ လိုအပ်ပါတယ်။ 

မိန်းမကိုယ်ကို သေချာဆေးကြောသန့်စင်ပါ 

မိန်းမကိုယ်သန့်ရှင်းရေးကလည်းအရေးကြီးပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးမှာ အဓိက ကတော့ ရေကို လုံလုံလောက်လောက်နဲ့ သုံးဖို့လိုအပ်ပါတယ်၊ ရေဆေးတဲ့နေရာမှာလည်း မှန်ကန်တဲ့နည်းလမ်းဖြစ်တဲ့ ရှေ့မိန်းမကိုယ်ကို ဆေးကြောပြီးမှသာ နောက်စအိုကိုဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ 

အမျိုးသမီးသန့်စင်ဆေးဆိုရင်လည်း ဈေးကွက်ထဲမှာ FDA Approved ရပြီးသား ဆေးတွေကိုသာ သုံးသင့်ပါတယ်။ မိန်းမကိုယ်ဟာ သူ့နဂိုအတိုင်း PH balance ကို ထိန်းညှိပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ chemical များတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။  

ဓမ္မတာလာတဲ့အခါမှာ သန့်ရှင်းမှုအားနည်းခဲ့မယ်ဆိုရင် 

  • ဘက်တီးရီးယားပိုးပေါက်ဖွားတာမျိုးတွေ၊
  • ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးတွေ၊
  • ဆီးလမ်းကြောင်းမှာ ရောဂါရတာမျိုးတွေ၊ 
  • အရေပြားယားယံတာမျိုးတွေ၊
  • မိန်းမကိုယ်အင်္ဂါထဲကို ပိုးဝင်တာမျိုးတွေ၊ 
  • အဖြူဆင်းတာမျိုးတွေ၊ 
  • အနံ့နံတာမျိုးတွေ ဖြစ်နိုင်ပါတယ်၊ 

ဒါ့ကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ ဓမ္မတာကျန်းမာရေးနဲ့ တကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒါဟာ ကျန်းမာရေး ရှုထောင့်ကအပြင် သန့်ရှင်းလုံခြုံမှု နဲ့ စိတ်ရွှင်လန်းမှုမှာပါ အရေးပါတာကြောင့်မို့ မိမိကိုယ်ကိုကိုယ်ယုံကြည်မှုရှိတဲ့ ပေါ့ပါးသွက်လက်တဲ့ လူငယ် မိန်းကလေးငယ်လေးဖြစ်ဖို့အတွက်ကတော့ ဒီ ဓမ္မတာကျန်းမာရေးနဲ့ တကိုယ်ရည်သန့်ရှင်းရေးကို မဖြစ်မနေ သိထားကြဖို့ လိုအပ်ပါတယ်။ 

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ ပြည်သူ့ကျန်းမာရေးဆရာဝန် ဒေါက်တာနန္ဒီရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က