တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ ကျောင်းမှားရောက်ရှိလာတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ကို စာမေးပွဲ အချိန်မီဖြေဆိုနိုင်ဖို့ ပို့ဆောင်ပေးခဲ့တဲ့ ယာဉ်ထိန်းရဲတွေကို ပြည်သူတစ်ဦးက ဆုငွေတွေချီးမြှင့်ခဲ့ပါတယ်။
မတ် ၆ ရက်နေ့က ကျောင်းလွဲမှားရောက်ရှိတဲ့စမ်းချောင်း အ.ထ.က ၂ က ကျောင်းသား ၁ ဦးနဲ့ ကြည့်မြင်တိုင် အ.ထ.က ၂ က ကျောင်းသူ ၂ ဦးကိုယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက စာမေးပွဲဖြေဆိုချိန် အချိန်မီ ပို့ဆောင်ပေးခဲ့တာပါ။
ဒီလို ကူညီပေးခဲ့မှုအတွက် ပဲခူးမြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသားတစ်ဦးရဲ့ ဖခင်ဖြစ်သူ Wood Htwe Trading Co; Ltd ရဲ့မန်းနေးဂျင်းဒါရိုက်တာ ဦးရဲမင်းထွေးက ယာဉ်ထိန်းရဲ ၂ ဦးကို ဂုဏ်ပြုဆုငွေ ကျပ် ၁ သိန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အလှူရှင်ကိုယ်စား အမှတ် ၇ ယာဉ်ထိန်းရဲ ဒုတိတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးအောင်မြင့်က ထပ်ဆင့်ချီးမြှင့်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။