5G ထက် အဆပေါင်း ၅၀ ကျော် မြန်မှာပါ။

တရုတ်တယ်လီကွန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei Technologies ဟာ ကုမ္ပဏီရဲ့ 6G စီမံကိန်းတွေ ချပြလိုက်ပါတယ်။ 

Huawei ကုမ္ပဏီအလှည့်ကျ ဥက္ကဌတစ်ဦးဖြစ်တဲ့ Eric Xu Zhiju က ကုမ္ပဏီရဲ့ အွန်လိုင်း community တစ်ခုဖြစ်တဲ့ Xinsheng ပေါ်မှာ နောင်လာမယ့် 6G ကွန်ရက်နဲ့ ပတ်သက်လို့ ကုမ္ပဏီရဲ့ မျှော်မှန်းချက်တွေကို ဆွေးနွေး ရေးသားခဲ့တာပါ။ Xu အနေနဲ့ လာမယ့် ၂၀၃၀ ပြည့်နှစ် တစ်ဝိုက်မှာ 6G Products တွေ ဖြန့်ချိဖို့ မျှော်လင့်ထားကြောင်းလည်း ပြောခဲ့ပါတယ်။ 



Photo: globaltimes

6G ဟာ 5G ကွန်ရက်မျိုးဆက်ထက် ပိုပြီး ရှုပ်ထွေးတဲ့နည်းပညာရပ်ဝန်းတစ်ခု ဖြစ်ပြီး Cloud Computing ၊ Blockchain နဲ့ Big Data လိုမျိုး အဆင့်မြင့်နည်းပညာရပ်တွေပေါ် ပိုပြီး သက်ရောက်မှု ရှိလာမှာပါ။ 6G ကွန်ရက်ဟာ 5G ထက် အဆ ၅၀ ခန့် ပိုမြန်ဆန်ဖို့လည်း ရှိပါတယ်။ Huawei ဟာ ၂၀၁၇ ခုနှစ်ကတည်းက 6G သုတေသနစီမံကိန်းတွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်ထားတယ်လို့ Xu က ဆိုပါတယ်။ ၂၀၁၇ ဟာ 5G စီးပွားဖြစ် ဖြန့်ကြက်မှုတွေ စပြီး လုပ်ဆောင်လာတဲ့နှစ်လည်း ဖြစ်ပါတယ်။ 

"လာမယ့်နှစ်အနည်းငယ်အတွင်းမှာ 5.5G ကို Huawei က အဓိပ္ပါယ်ဖွင့်ဆိုမှု လုပ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ 6G ပိုင်း သုတေသနတွေလည်း လုပ်သွားမှာပါ။ 6G ဟာ 5G နဲ့ 5.5G နည်းပညာတွေကို ကျော်နိုင်မလားဆိုတာကို တယ်လီကွန်းလောကရဲ့ မျှော်မှန်းချက်နဲ့ ဖန်တီးနိုင်စွမ်းရဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ " လို့ Xu က ရေးထားပါတယ်။ 

Photo: Techspot

Huawei ကို ပစ်မှတ်ထားပြီး အမေရိကန်အစိုးရရဲ့ Chip တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်း တစ်နှစ်ပြည့်ဖို့ ရက်အနည်းငယ်အလိုမှာ အခုလို 6G နဲ့ ပတ်သက်ပြီး Xu ရဲ့ မှတ်ချက် ထွက်လာခဲ့တာပါ။ အမေရိကန်အစိုးရဟာ နိုင်ငံရဲ့ နည်းပညာတွေ ပါဝင်တဲ့ ထုတ်ကုန်တွေကို Huawei ဆီ ရောင်းချမှုကို ၂၀၂၀ စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားဝင် ဖြတ်တောက်ပိတ်ပင်ခဲ့ပါတယ်။ 

အမေရိကန်အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေရှိပေမယ့် ၂၀၂၁ ပထမနှစ်ဝက်မှာ Huawei ရဲ့ အရောင်းဝင်ငွေဟာ နှစ်အလိုက် ၂၉% ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အသားတင် အမြတ်မှာတော့ ပြီးခဲ့တဲ့နှစ်က ရလဒ် ၉.၂% တိုးတက်မှုနဲ့ စာရင် ၉.၈% အထိ တိုးလာတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က