ဘောလုံးက ထောင့်ထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာပါ။

ဩစတြီးယားနဲ့ပွဲမှာ ဝေးလ်အတွက် ခြေစွမ်းပြပြီး ဂါရတ်ဘေးလ်က အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ ၂၀၂၂ အတွင်းမှာ တပွဲတည်းသာ ကစားထားရတဲ့ ဂါရတ်ဘေးလ်ဟာ လက်ရွေးစင်အသင်းမှာတော့ အသင်းခေါင်းဆောင်ပီပီခြေစွမ်းပြခဲ့ပြီး အံ့အားသင့်ဖွယ်ရာလှပတဲ့ အလွတ်တည်ကန်ဘောကနေလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ဒီတရာသီလုံးမှာ ရီးရဲလ်မက်ဒရစ်အတွက် ၅ ပွဲတည်းသာ ကစားထားရပြီး အရန်ခုံမှာအချိန်ဖြုန်းနေရတဲ့ ဘေးလ်က နိုင်ငံအသင်းအတွက်တော့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဝေးလ်ကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် နောက်ဆုံးအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့ အလွတ်တည်ကန်ဘောကန်သွင်းမှုကလည်း ချီးကျူးမှုတွေကို ရရှိနေခဲ့ပါတယ်။ 



ဘေးလ်ဟာ အလွတ်တည်ကန်ဘောကို လှလှပပကန်သွင်းယူခဲ့ရာမှာ ဘောလုံးက ဂိုးတိုင်အပေါ်ထောင့်ကို တိတိကျကျဝင်သွားခဲ့တာဖြစ်ပါတယ်။ မြန်မာအခေါ်အရ ဆယ်ပြားစေ့ထောင့်ထဲကို တန်းတန်းမတ်မတ်ဝင်ခဲ့တာဖြစ်ပြီး ဒီဂိုးအပေါ် ပရိသတ်တဦးက "အဲဒီဂိုးကို ဩစတြီးယားဂိုးသမားကို ပြပြီးတော့ နောက်တခါဖမ်းခိုင်းလည်း သူ ဖမ်းနိုင်မှာမဟုတ်ဘူး" လို့ ရေးသားချီးကျူးခဲ့ပါတယ်။ 

နာမည်ကျော်လောင်းကစားကုမ္ပဏီ Paddy Power ကလည်း "ဒီလိုဂိုးမျိုးသွင်းနိုင်ဖို့အတွက် ရော်နယ်ဒိုဆိုရင် ပြီးခဲ့တဲ့ ၁၄ နှစ်ကတည်းက ကြိုးစားနေခဲ့တာပါ" လို့ ရေးသားခဲ့ပါတယ်။ ဒီရာသီမှာ ရီးရဲလ်အတွက် ပွဲအများအပြားလွဲချော်ခဲ့ပေမယ့် တနှစ်လုပ်ခ ယူရို ၁၅သန်းအထိ ရရှိနေတဲ့ ဘေးလ်ကို စပိန်သတင်းစာ Marca က ကပ်ပါးကောင်လို့ သုံးနှုန်းကာ ရေးသားခဲ့ပါတယ်။

မနေ့ကပွဲအပြီးမှာ အဆိုပါရေးသားမှုနဲ့ပတ်သက်ပြီး ဘေးလ်က " ဒါတွေကို ပြန်တုံ့ပြန်ပြီး ကျနော့်အချိန်တွေကို မဖြုန်းနိုင်ဘူး၊ တကယ်ဆို သူတို့ကိုယ်သူတို့သာရှက်သင့်တာပါ" လို့ တုံ့ပြန်ခဲ့ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်ဆီကနေ ယူရိုငွေတွေကို စုပ်ယူနေတာလို့ စပိန်သတင်းစာ ဝေဖန်ရေးသားခဲ့တာဖြစ်ပြီး ဘေးလ်ကတော့ အထက်ပါအတိုင်းသာ တုံ့ပြန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က