အသင်းဟောင်းရှုံးပွဲကို တော်တော်လေး ဖီးလ် ဖြစ်သွားပုံပါပဲ။

လီဗာပူးလ်ကို အဝေးကွင်းမှာ အသင်းဟောင်းယူနိုက်တက်က ၄-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲကို ပြီးဆုံးအောင်တောင် မကြည့်နိုင်ဘဲ တီဗီပါပိတ်ပစ်ခဲ့ရတယ်လို့ ရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ ချန်ပီယံဆုဖလားအတွက် မန်စီးတီးနဲ့အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်ဟာ ပထမအကျော့ကလိုပဲ ယူနိုက်တက်ကို မညှာမတာ၊ ရက်ရက်စက်စက်နဲ့ ဂိုးတွေသွင်းခဲ့ပြီး အိမ်ပြန်လွှတ်ခဲ့ပါတယ်။ 

လီဗာပူးလ်က ယူနိုက်တက်ထက် အစစအရာရာသာလွန်နေခဲ့ပြီး အသင်းနှစ်သင်းကြားမှာ ဘာမှယှဉ်ပြောစရာမလိုအောင်ကို ပီသပြတ်သားလွန်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းတွေအတွက်တော့ ရှက်ရွံ့စရာဖြစ်ခဲ့ရပြီး အစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့လည်း အသံတောင်မထွက်နိုင်ခဲ့ဘဲ ပါးစပ်ပိတ်နေခဲ့ရတဲ့ ညဖြစ်ခဲ့ရပါတယ်။ 

ဖာဒီနန်က သူ့ရဲ့တွစ်တာမှာ "တီဗီပိတ်ပြိ၊ တွစ်တာရဲ့ နိုတီတွေလည်းပိတ်ထားလိုက်ပါပြီ၊ နောက်မှပြန်တွေ့ကြမယ်ဗျာ" လို့ ရေးသားပြီး ဘယ်လောက်ထိစိတ်ပျက်ခဲ့ရလဲဆိုတာကို ဖော်ပြသွားခဲ့ပါတယ်။ သူတို့ခေတ်မှာ လီဗာပူးလ်နဲ့ အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ရပြီး တသင်းနဲ့တသင်းအနိုင်မခံစတမ်း ကစားခဲ့မှုတွေက လက်ရှိမှာတော့ ပြိုင်ဘက်ကို စိတ်တိုင်းကျသာ ပြုမူပါတော့လို့ ခွင့်ပြုပေးနေတဲ့ အနေအထားမျိုးကို ဖာဒီနန်တယောက် ခံစားလို့မရဖြစ်နေခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ သက်တောင့်သက်သာနဲ့ နိုင်ပွဲယူပြီး အမှတ်ပေးဇယားထိပ်ကို ယာယီတက်လှမ်းသွားခဲ့ပါတယ်။ ယူနိုက်တက်ကို ပရီးမီးယားလိဂ်တရာသီအတွင်းမှာ နှစ်ကျော့ပေါင်း ၉ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်နဲ့လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ နှစ်ကျော့စလုံးမှာ ဘဲဥတောင်မကွဲဘဲ အရှက်သာကွဲခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က