ဘယ်လ်ဂျီယမ်လက်ရွေးစင်တိုက်စစ်မှူး လူကာကူက ချဲလ်ဆီးအသင်းက အခြေအနေတွေကို မပျော်ရွှင်တော့ဘဲ သိပ်မဝေးတဲ့ အနာဂတ်မှာ အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီး ချက်ချင်းပဲ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ နောက်ဆုံးကစားထားတဲ့ ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် အဲဒီမတိုင်ခင် ၁၀ ပွဲအထိ ဂိုးပေါက် ပျောက်ဆုံးနေခဲ့ပြီး ခြေချင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို တစ်လလောက် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
ယခုရာသီ တူဟယ်ရဲ့ အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားတွေရှိနေပြီး ဂျာမန်လူမျိုးနည်းပြက ခိုင် ဟားဗတ်ဇ်နဲ့ ပူလီဆစ်တို့ကို အထောင်တိုက်စစ်မှူးနေရာမှာ ထားတတ်သလို အခါအားလျော်စွာ တီမို ဗာနာကိုလည်း အထောင်တိုက်စစ်မှူးအဖြစ် သုံးဖို့ ရွေးချယ်ခဲ့ပါတယ်။ လူကာကူက လက်ရှိမှာတော့ တူဟယ်ဟာ ၎င်းခေါ်ယူခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် ကစားကွက်ကို ပြောင်းလဲခဲ့ပြီး ထိပ်တန်းခြေစွမ်းအဆင့်မှာ ရှိနေတုန်း အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ရုပ်ပိုင်းဆိုင်ရာအရတော့ ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော် ချဲလ်ဆီးက အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ မပျော်ရွှင်နေပါဘူး။ တူဟယ်က တခြားကစားကွက်နဲ့ ကစားဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်တော် အရှုံးပေးမှာမဟုတ်ပါဘူး။ ကျွန်တော် ပရော်ဖက်ရှင်နယ်ပီသမှာပါ"
"ကျွန်တော် အခြေအနေတွေနဲ့ပတ်သက်ပြီး မပျော်ရွှင်ပေမယ့် ပရော်ဖက်ရှင်နယ်ပီသရမှာဖြစ်ပြီး အခု ကျွန်တော် အရှုံးပေးလို့ မရနိုင်ပါဘူး။ ပြီးခဲ့တဲ့နွေရာသီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက ဒီလို ဖြစ်လာဖို့မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အင်တာကို စွန့်ခွာခဲ့တာ၊ အသင်းကို စွန့်ခွာခဲ့တဲ့ပုံစံ၊ အင်တာပရိသတ်တွေနဲ့ ဆက်သွယ်ပြောဆိုခဲ့တဲ့ပုံစံတွေ အဲဒါတွေက ကျွန်တော့်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ သင့်တော်တဲ့အချိန် မဟုတ်ခဲ့လို့ပါ"
"အခု ကျွန်တော့်ရဲ့ ခံစားချက်တွေကို မျှဝေပေးဖို့ အချိန်ကောင်းပဲ။ ကျွန်တော့်နှလုံးသားထဲမှာ အင်တာအမြဲတမ်းရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အင်တာကို ပြန်သွားမယ်ဆိုတာ သိနေပါတယ်။ ကျွန်တော် အဲဒီလို တကယ်ပဲ လုပ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် အီတလီကို နှစ်သက်တယ်။ အခုက ပြောစရာရှိတာပြောပြီး ဘာတွေတကယ်ဖြစ်ပျက်ခဲ့လဲဆိုတာ လူတွေကို ပေးသိရမယ့် အချိန်ကောင်းပဲ။ ကျွန်တော့်နှလုံးသားနက်နက်ထဲကနေ အင်တာကို ကစားသမားဘဝ အဆုံးသတ်မဟုတ်ဘဲ ထိပ်တန်းအဆင့်မှာ ရှိနေတုန်း ဆုဖလားတွေကို အတူတူ ပိုမိုရယူနိုင်ဖို့အတွက် ပြန်ဖို့ တကယ်ကို မျှော်လင့်မိပါတယ်"
"ကျွန်တော် အင်တာပရိသတ်တွေကို တောင်းပန်စကားပြောချင်ပါတယ်။ ကျွန်တော့် ပြောသင့်တဲ့အချိန်မှာ မပြောတာ မှားခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေက တသက်လုံး ကျန်ရစ်နေမှာပါ"လို့ Sky Italy ကို ပြောကြားခဲ့ပါတယ်။