Google လုံခြုံရေးအင်ဂျင်နီယာတွေဟာ Safari Web Browser မှာ အချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာပိုင်း ပေါက်ကြားနိုင်တဲ့ အားနည်းချက်ကို တွေ့ထားပါတယ်။
Safari Browser သုံးသူတွေအတွက် ကိုယ်ရေးကိုယ်တာ ကာကွယ်မှုလုပ်ဖို့ ရေးဆွဲထားတဲ့ feature ဟာ သုံးစွဲသူ အချက်အလက်နဲ့ privacy ပိုင်းအတွက် လုံခြုံရေးအားနည်းချက်တွေ ဖြစ်စေနိုင်တယ်လို့ Google ဘက်က တွေ့ရှိခဲ့တာပါ။ Financial Times သတင်းမှာ ဖော်ပြချက်အရ တွေ့ရှိထားတဲ့ လုံခြုံရေးအားနည်းချက်တွေဟာ Apple ရဲ့ Safari Web Browser သုံးစွဲသူရဲ့ browsing အပြုအမူတွေကို ခြေရာခံဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
Photo: thedrum
Safari ရဲ့ Intelligent Tracking Prevention (ITP) feature ကြောင့် ဖြစ်လာတဲ့ အားနည်းချက်တွေကြောင့် ကိုယ်ဝင်ခဲ့တဲ့ ဝက်ဘ်ဆိုက်တွေဟာ အင်တာနက်ပေါ်က ကိုယ့်ရဲ့ ရှာဖွေမှုကနေ ကိုယ့်အပြုအမူကို နောက်ယောင်ခံနိုင်မှာပါ။ ဒီလုံခြုံရေးပြစ်ချက်ကြောင့် သတင်းအချက်အလက် ပေါက်ကြားစေနိုင်သလို တစ်ချို့ဝက်ဘ်ဆိုက်တွေကို ဟက်ကာတွေကနေ ဝင်မရအောင် ပိတ်ခွင့်ပေးရာလည်း ရောက်မယ်လို့ ဆိုပါတယ်။
ITP ဟာ ဝက်ဘ်ဆိုက်တွေထဲ ဝင်တဲ့အခါ third party ခြေရာခံ cookies တွေကနေ Safari သုံးသူတွေကို ကာကွယ်ဖို့နဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ရယူအသုံးချတဲ့ ဝက်ဆိုက်တွေကို ပိတ်ပင်ဖို့ ဒီဇိုင်းထုတ်ထားပါ။ Google ဟာ ITP ရဲ့ လုံခြုံရေးအားနည်းချက်ကို ပြီးခဲ့တဲ့ ဩဂုတ်လက Apple ထံ အသိပေးအကြောင်းကြားခဲ့ပြီး ဒီဇင်ဘာမှာ Safari ရဲ့ ITP feature လုံခြုံရေးအားနည်းချက်ကို ကုမ္ပဏီဘက်က ပြုပြင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
Apple ဟာ ITP feature ကို ၂၀၁၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ Apple အနေနဲ့ ITP ရဲ့ လုံခြုံရေးအားနည်းချက်တွေ ပြင်ထားပြီးဖြစ်တယ်လို့ ဆိုပေမယ့် Google Chrome အင်ဂျင်နီယာပိုင်း ညွှန်ကြားရေးမှူး ဂျက်စတင်ရှက်ကတော့ အားနည်းချက်တွေက ရှိနေဆဲပဲလို့ Twitter မှာ ပြောထားပါတယ်။