မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအန်သိုနီမာရှယ်ဟာ ဆီဗီလာကို အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုပြောဆိုလိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ ပုံမှန်နေရာမရရှိလို့ ထွက်ခွာချင်နေသူဖြစ်ပြီး ရာသီကုန်ထိ စပိန်ကလပ်မှာ အငှားနဲ့သွားကစားတော့မှာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ ယူနိုက်တက်အတွက် အနိုင်ဂိုးရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ မာရှယ်ကို ဆီဗီလာက စိတ်ဝင်တစားနဲ့ချိတ်ဆက်နေခဲ့တာ ရက်သတ္တပတ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ပါတယ်။ ကစားသမားရဲ့ လုပ်ခလစာနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုတွေပြုလုပ်နေရလို့ ကြာမြင့်ခဲ့ပြီး မနေ့ကတော့ အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပြီး ဇွန်လအထိ စာချုပ်ချုပ်သွားမှာဖြစ်ပါတယ်။
မာရှယ်ရဲ့ လစာငွေကို ဆီဗီလာက အပြည့်အ၀ပေးချေရမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်စာချုပ်တော့မပါဝင်ဘူးလို့ သိရပါတယ်။ ကစားသမားဘက်ကလည်း ပြေင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး လာမယ့်နာရီအနည်းငယ်အကြာမှာ စပိန်ကိုထွက်ခွာပြီး ဆေးစစ်မှု၊ စာချုပ်လက်မှတ်ရေးထိုးမှုတွေပြုလုပ်ကာ ဆီဗီလာကစားသမားဖြစ်လာမယ်လို့ ဖာဘရီဇီယိုက ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ် မာရှယ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားပေးထားပြီး ၁ ဂိုးသာသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်၊ ရော်နယ်ဒို၊ ဂရင်း၀ုဒ်နဲ့ ကာဗာနီတို့က ဦးစားပေးတိုက်စစ်မှူးတွေအဖြစ် ကစားခွင့်ရနေခဲ့လို့ မာရှယ်က အရန်ခုံမှာ အချိန်ဖြုန်းနေခဲ့ရပြီး ဝင်ကစားခွင့်ရချိန်တွေမှာလည်း ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပါတယ်။