ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးထားတဲ့ မန်စီးတီးဟာ မနေ့ညကလည်း နောက်ထပ် ဆုဖလားတစ်လုံး ထပ်မံရရှိခဲ့ပါတယ်။ ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဥရောပစူပါဖလားပွဲမှာ မန်စီးတီးတို့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။
ဒီပွဲမှာ မန်စီးတီးတို့ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာပါ။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပြိုင်ဘက်က နောက်ဆုံး ပင်နယ်တီတစ်လုံးကို လွဲချော်ခဲ့တာကြောင့် ပင်နယ်တီအပြီးမှာ မန်စီးတီးတို့ ၆-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်စီးတီးက အီဒါဆန်၊ ဝေါ်လ်ကာ၊ အကန်ဂျီ၊ အကီ၊ ဂီဗာဒီယိုလ်၊ ဖိုဒန်၊ ရိုဒရီ၊ ကိုဗာဆစ်၊ ပါလ်မား၊ ဟာလန်း၊ ဂရီလစ်ရှ်တို့ ပွဲထွက်ခဲ့ပါတယ်။ ဆီဗီလာကလည်း ဘိုနူ၊ နာဗက်စ်၊ ဂူဒက်ချ်၊ ရာကီတစ်၊ အိုကမ်းပို့စ်၊ အိုလီဗာတောရက်စ်၊ လာမယ်လာ အယ်လ်နက်ဆရီတို့နဲ့ လူစုံခဲ့ပါတယ်။ ဂိုးအရင်ရရှိခဲ့တာကတော့ ဆီဗီလာဖြစ်ပါတယ်။
ပွဲကစားချိန် (၂၅) မိနစ်မှာ အယ်လ်နက်ဆရီက သွင်းယူပေးခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် ချေပဂိုးကို ပွဲကစားချိန် (၆၃) မိနစ်မှ ပါလ်မားက ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပါလ်မားဟာ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာလည်း မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးဘက်က ဟာလန်း၊ အယ်လ်ဗာရက်ဇ်၊ ကိုဗာဆစ်၊ ဂရီလစ်ရှ်၊ ဝေါ်လ်ကာတို့ အားလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဆီဗီလာဘက်က အိုကမ်းပို့စ်၊ ရာဖာမာ၊ ရာကီတစ်၊ မွန်တီယဲယ်တို့ ဂိုးဝင်ခဲ့ပေမယ့် နောက်ဆုံးကန်သွင်းတဲ့ ဂူဒက်ချ် ဂိုးမဝင်ခဲ့တာကြောင့် မန်စီးတီးတို့ ဥရောပစူပါဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။