ဘောလုံးလောကရဲ့ ဂန္တဝင်နောက်ခံလူကြီး ရာမို့စ်ဟာ အသင်းဟောင်း ဆီဗီလာကို ပြန်လည်ပြောင်းရွှေ့ခွင့်ရဖို့အတွက် လစာ (၉၀) ရာခိုင်နှုန်းအထိ လျှော့ယူသွားခဲ့ကြောင်း သိရှိရပါတယ်။ ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့သူပါ။
ဒါပေမယ့် သူ့အနေနဲ့ အပြောင်းအရွှေ့ရာသီတစ်ခုလုံးမှာ အသင်းသစ် ရှာဖွေဖို့ အခက်တွေ့ခဲ့ပြီး သူ့ရဲ့ လစာကြောင့် အသင်းအချို့က ခေါ်ယူဖို့ အခက်တွေ့ခဲ့ပါတယ်။ ဒီအထဲမှာ ရာမို့စ်ရဲ့ ငယ်ဘဝအသင်း ဆီဗီလာလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အခုချိန်မှာတော့ ရာမို့စ်က ဆီဗီလာကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ လစာနှုန်းထားကလည်း ရနိုင်ခြေထက် (၉၀) ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။ ရာမို့စ်ဟာ ဂါလာတာစာရေးမှာ တစ်နှစ်လုပ်ခ ယူရို (၁၁) သန်း၊ အယ်လ်အီတီဟတ်မှာ တစ်နှစ်လုပ်ခ ယူရိုသန်း (၂၀) အထိ ရရှိနိုင်ခဲ့တာပါ။
ဒါပေမယ့် ဆီဗီလာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ချိန်မှာတော့ သူက အသင်းဟောင်းရဲ့ တစ်နှစ်လုပ်ခ ယူရို (၂) သန်းနဲ့ ကမ်းလှမ်းမှုကို လက်သင့်ခံခဲ့ပြီး စပိန်မြေကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာပါ။ အသက် (၃၇) နှစ်အရွယ် ဒီကစားသမားကြီးဟာ ကစားသမားဘဝရဲ့ နေဝင်ချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်နေရပါတယ်။
အဲ့ဒါကြောင့်လည်း ရာမို့စ်တစ်ယောက် ဆီဗီလာမှာ ပုံမှန်နေရာရဖို့ မသေချာဖြစ်နေဆဲပါ။ တစ်ဖက်မှာလည်း ဆီဗီလာရဲ့ ဗဟိုနောက်ခံလူနေရာအတွက် ကစားသမား (၆) ယောက်အထိ ရှိနေတာကြောင့် ရာမို့စ်တစ်ယောက် သူ့ရဲ့ အသက်အရွယ်၊ ကြံ့ခိုင်မှုနဲ့ အသင်းမှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။