မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဆီဗီလာနဲ့တွေ့တိုင်း တခုမဟုတ်တခု ပြသနာတွေဖြစ်ပြီး ရလဒ်တွေမကောင်းတဲ့ အစဉ်အလာအတိုင်း ဖြစ်ခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာလည်း ၂ ဂိုးအသာနဲ့ ဦးဆောင်နေရာကနေ ပွဲချိန်နောက်ဆုံးမိနစ်တွေအတွင်းမှာ ကိုယ့်ဂိုးကိုယ် ၂ ဂိုးပြန်သွင်းပြီး သရေကျသွားခဲ့လို့ ဒုတိယအကျော့ကို ရုန်းကန်ရတော့မှာပါ။
ပိုပြီးတော့ ဆိုးရွားတာကတော့ ဒုတိယအကျော့ကို ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ခံရပြီး အားထားရတဲ့ နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်းတို့ ပါဝင်ကစားနိုင်မှာမဟုတ်တော့တာပါပဲ။ ဒါဟာ ဆီဗီလာကွင်းမှာ ယူနိုက်တက်တို့ မကန်ခင်က ရှုံးနှင့်နေပြီဆိုတဲ့ သဘောမျိုးတောင် သက်ရောက်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲကပါ ထွက်ခွာရတော့မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့ရပါပြီ။
ပထမပိုင်းမှာ ခြေစွမ်းအသာစီးနဲ့ ယူနိုက်တက်တို့ ကစားနိုင်ခဲ့ပြီး ဆာဘစ်ဇာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ မာရှယ်ကလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပုံစံကောင်းပြသနိုင်ခဲ့ပြီး သူ့ရဲ့ တကိုယ်တော်စွမ်းဆောင်ရည်တွေက ယူနိုက်တက်အတွက် ဂိုးတွေရဖို့ဖြစ်နေခဲ့ကာ ပထမပိုင်းကို သက်တောင့်သက်သာကစားပြီး အနိုင်ရနေခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ တန်ဟက်ဂ်ရဲ့ လူစားလဲလှယ်မှုအမှားကနေ ပြသနာတွေ စတင်ခဲ့ပါတော့တယ်။ ဂိုးထပ်သွင်းဖို့ထက် ပွဲကို ထိန်းဖို့ပဲ တန်ဟက်ဂျ်က ရည်ရွယ်ခဲ့ပုံရကာ မက်ဂွိုင်းယား၊ အဲရစ်ဆန်၊ ၊ အီလန်ဂါ၊ ဝက်ဟော့စ်တို့ကို ဆက်တိုက်ထည့်သွင်းခဲ့ပြီးနောက် ကစားကွက်ပါ ပျက်သွားခဲ့ပြီး ဆီဗီလာရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်ခဲ့ရပါတော့တယ်။
ဒါကြောင့်လည်း မာလာစီယာက ၈၄ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး နာကျင်အချိန်ပိုမှာ မက်ဂွိုင်းယားကလည်း ကိုယ့်ဂိုးကိုယ်ထပ်သွင်းခဲ့ကာ ယူနိုက်တက်တို့ ၂ ဂိုးစီသရေနဲ့ ကျေနပ်လိုက်ရပါတယ်။ ဒီပွဲဟာ ယူနိုက်တက်အတွက်တော့ အရေးနိမ့်သလိုဖြစ်ခဲ့ရပြီး ဒုတိယအကျော့မှာ အားထားရတဲ့သူတွေမပါဝင်ဘဲ ကစားရတော့မှာဖြစ်ကာ ဆီဗီလာကို ရှုံးဖို့အတွက်ဆိုရင် ကြံဖန်ပြီးတော့ကို ပြသနာတွေဖြစ်နေသလားတောင် ထင်မှတ်ခဲ့ရပါပြီ။
မာလာစီယာနဲ့ မက်ဂွိုင်းယားကတော့ သရေပွဲအတွက် တရားခံတွေဖြစ်ခဲ့ရပြီး တန်ဟက်ဂ်လည်း လူစားလဲလှယ်ခဲ့မှုတွေကြောင့် ဝေဖန်ခံနေရပါတယ်။ ဆီဗီလာကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အနေအထားကနေ ကံကောင်းထောက်မခဲ့ပြီး ဆီမီးဖိုင်နယ်အတွက် မျှော်လင့်ချက်အပြည့်အ၀ရှိနေဆဲပါ။