ဒီနေ့မှာ အုပ်စုအဆင့် မဲခွဲမှုတွေပြုလုပ်ခဲ့တာပါ။

မေလ ၅ ရက်နေ့ကနေ မေလ ၁၇ ရက်နေ့အထိ ကျင်းပသွားမယ့် ၂၀၂၃ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအတွက် မဲခွဲမှုတွေကို ဒီနေ့ပြုလုပ်ခဲ့ရာမှာ မြန်မာအသင်းဟာ အုပ်စု (က) မှာ ကျရောက်နေခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီယား၊ တီမော၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပါတယ်။ အုပ်စု (ခ)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ လာအိုတို့ ကျရာက်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဗီယက်နမ်ဆီးဂိမ်းတုန်းကတော့ မြန်မာအသင်းဟာ အုပ်စုအဆင့်မှာပဲ ကျေနပ်ခဲ့ရပြီး တတိယနေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်ဖို့အတွက်ကို အရင်ဆုံးဦးစားပေးရမှာဖြစ်ပြီး နည်းပြသစ်အတွက်လည်း ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကမှ အိန္ဒိယ ၃ နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့ပြီး အိန္ဒိယကိုအရေးနိမ့်ကာ ကာဂျစ္စတန်နဲ့ ၁ဂိုးစီသရေကျခဲ့ပြီး အသင်း ၃ သင်းမှာ အဆင့် ၂ နေရာရရှိခဲ့ပါတယ်။ လာမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် လူစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ဘယ်သူတွေပါဝင်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ 

အမျိုးသားပြိုင်ပွဲနည်းတူ အမျိုးသမီးပြိုင်ပွဲအတွက်လည်း အုပ်စုမဲခွဲမှုမှာ မြန်မာက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး တဖက်အုပ်စုမှာတော့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူတို့ကျရောက်နေပါတယ်။ အမျိုးသားပြိုင်ပွဲနဲ့ အမျိုးသားပြိုင်ပွဲတွေရဲ့ လက်ရှိချန်ပီယံကတော့ ဗီယက်နမ်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က