လက်ရှိကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲရဲ့ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ မြန်မာယူ-၂၂ အသင်းနဲ့ မြန်မာအမျိုးသမီးအသင်းတို့ ဆီမီးဖိုင်နယ်ကို ကိုယ်စီတက်ရောက်နိုင်ခဲ့ကြပါတယ်။ နှစ်သင်းစလုံးက အုပ်စုဒုတိယနေရာနဲ့ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ယူ-၂၂ အမျိုးသားအသင်းကတော့ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ အုပ်စုအဆင့်က မတက်ရောက်နိုင်ခဲ့တာကို ချေဖျက်နိုင်ခဲ့ပါတယ်။
အုပ်စုဒုတိယရခဲ့လို့ မြန်မာအသင်းတွေဟာ တဖက်အုပ်စုက အုပ်စုပထမရအသင်းတွေနဲ့ ဆီမီးဖိုင်နယ်ပွဲကစားရမှာပါ။ မြန်မာယူ-၂၂ အသင်းဟာ တဖက်အုပ်စုမှာ အုပ်စုပထမရလာတဲ့ ထိုင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်တို့က ဒီနေ့မှာ အုပ်စုပထမနေရာအတွက် ကစားခဲ့ကြပြီး ထိုင်းက အရံကစားသမားတွေ ထည့်သုံးခဲ့ကာ သရေကစားခဲ့ပြီး အုပ်စုဗိုလ်နေရာကို ရယူသွားခဲ့ပါတယ်။
မြန်မာအမျိုးသမီးကတေ့ာ ထိုင်းအမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ထိုင်းကို နိုင်ပွဲလုံး၀မရထားမှုကို ချေဖျက်ပြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းဟာ အုပ်စုတွင်းမှာ ပွဲတိုင်းအနိုင်ရရှိခဲ့ပြီး တပွဲကို အနည်းဆုံး ၃ ဂိုးသွင်းကာ ပေးဂိုးလုံး၀မရှိသေးတဲ့ အသင်းဖြစ်လို့ လွယ်ကူမှာမဟုတ်ဘူးလို့ ယူဆရပြီး မြန်မာနှစ်သင်းလုံးအတွက် ဆီမီးဖိုင်နယ်ဟာ ခက်ခဲမှုအပြည့်ရှိနေမှာဖြစ်ပါတယ်။
ထိုင်းယူ-၂၂ ကတော့ အုပ်စုတွင်းမှာ ပွဲတိုင်းဂိုးရခဲ့ပြီး ဗိုလ်စွဲဖို့အထိ ရေပန်းစားလာပါတယ်။ မြန်မာအသင်းအနေနဲ့ အုပ်စုတွင်း ခြေစွမ်းအရဆိုရင် ထိုင်းကို ယှဉ်ကစားနိုင်ဖို့ မလွယ်ကူဘဲ တော်တော်လေးကို ကန်ယူရမယ့်အနေအထားပါ။ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ပွဲစဉ်မှာတော့ ဒီနှစ်မှာ တော်တော်လေးခြေစွမ်းတက်လာတဲ့ အင်ဒိုနီးရှားက အသာရဖွယ်ရှိပါတယ်။