ဦးကြွိဆီချက်ဆိုင်ကတော့ဗိုလ်ချုပ်စျေးမှာ ရောင်းချနေတာ နှစ် ၇၀ ရှိနေပါပြီ။

ဗိုလ်ချုပ်စျေးထဲက ဦးကြွိဆီချက်ဆိုင်ကတော့ ခေတ်အဆက်ဆက် နာမည်ကျော်ကြားတဲ့ စားသောက်ဆိုင် တစ်ဆိုင်လို့ ဆိုရမှာပါ။ 



၁၉၅၀ - ၁၉၆၀ ဝန်းကျင်မှာ စကော့စျေး (ခေါ်) ဗိုလ်ချုပ်စျေးနဲ့အတူ အစားအသောက်တွေကလည်း နာမည်ကြီးလှပါတယ်။ အဲဒီကာလတွေကတည်းက လက်ရာကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့ ဦးကြွိကြက်ပေါင်းဆီချက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လက်တွန်းလှည်းလေးနဲ့ ဆီချက်စရောင်းခဲ့ရတဲ့ တရုတ်ပြည်ပြေးတစ်ယောက်

ဦးကြွိ ဆီချက်ဆိုင်ကို ၁၉၅၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာအခုဆို နှစ်ပေါင်း ၇၂ နှစ်သက်တမ်းရှိနေပြီဖြစ်ပါတယ်။ တရုတ်ပြည်မှာ စစ်ပွဲတွေ ဖြစ်ပွားမှုကြောင့် မြန်မာပြည်ထဲကို ပြေးလာခဲ့တဲ့ ပြည်ပြေးတရုတ်တွေထဲမှာ ဦးကြွိ တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။ 

ဦးကြွက တရုတ်နိုင်ငံကနေ ထွက်ပြေးလာစဥ်က ဘာပစ္စည်းမှတောင် မယူနိုင်ခဲ့ဘဲ မြန်မာနိုင်ငံကို ရောက်ချိန်မှာပဲ ဆီချက်ဆိုင်လေး စဖွင့်ဖို့ စိတ်ကူးခဲ့တယ်လို့ မြေးဖြစ်သူ ကိုအောင်ဇော်မင်းက ပြန်ပြောပြပါတယ်။

၁၉၅၀ ခုနှစ် ဗိုလ်ချုပ်စျေးမှာ စျေးရုံကြီး မဆောက်ခင်ကတည်းက ဦးကြွိတစ်ယောက် လက်တွန်းလှည်းလေးနဲ့ပဲ ဆီချက်ကို စတင်‌ရောင်းချခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ ကျော်လုံးလုံး နာမည်ကျော်နေတဲ့ ဦးကြွိဆီချက်ရဲ့ ထူးခြားချက်

တရုတ်လူမျိုးစစ်စစ်တစ်ယောက်ရဲ့ တရုတ်အစားအစာဖြစ်တဲ့ ဦးကြွိဆီချက်က နှစ်ပေါင်း ၇၀ ကျော်လာတဲ့အထိ လက်ရာမပျက်ထိန်းသိမ်းနိုင်တာကြောင့် ဒီနေ့အချိန်ထိတိုင်အောင် စားသုံးသူဖောက်သည်တွေနဲ့ စည်ကားနေဆဲဖြစ်ပါတယ်။ စားသုံးသူတွေကတော့ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ဦးကြွိဆီချက်ကိုစားလိုက်ရမှလို့ ဆိုကြတဲ့သူတွေတောင် ရှိပါတယ်။ 

“လက်ရာကို တတ်နိုင်သမျှ အဖိုးတို့ အဖေတို့ လက်ထက်က လက်ရာအတိုင်း ချက်ပြုတ်ထားတာပါ။ စားသုံးသူဖောက်သည်တွေက ဦးကြွိဆီချက်ဆိုရင် အရသာလေးနက်တယ်။ ဆီချက်ဆို ဒီက စားရမှ လို့ ပြောပြီး အခုချိန်ထိတိုင်အောင် အားပေးနေကြတုန်းပါ” လို့ လက်ရှိမှာ ဦးကြွိဆီချက်ဆိုင်ကို ဦးစီးလုပ်ကိုင်နေတဲ့ မြေးဖြစ်သူ ကိုအောင်ဇော်မင်းက ဆိုပါတယ်။

ဆီချက်တစ်ပွဲ တစ်မတ်ခေတ်မှ ၁၈၀၀ ကျပ်ခေတ်သို့ 

ဖိုးဖြစ်သူ ဦးကြွိလက်ထက်တုန်းက အိမ်တစ်လုံးကို ၃၅၀၀၊၄၀၀၀ ပေါက်စေ◌ျးရှိ ချိန်မှာ ရိုးရိုးဆီချက်တစ်ပွဲကို တစ်မတ်၊ အသား၊ အသည်းအမြစ်နဲ့ ကို ငါးမူး၊ ကြက်ပေါင်း၊ ဘဲပေါင်း၊ နံရိုးပေါင်းနဲ့ဆီချက်တစ်ပွဲကို သုံးမတ်နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အခုကတော့ ရိုးရိုးဆီချက်တစ်ပွဲကို ၁၈၀၀၊ ဘဲပေါင်း၊ ကြက်ပေါင်း၊ နံရိုးပေါင်းနဲ့ဆို ၃၅၀၀ ကျပ်ပါ။ အဖိုးဖြစ်သူ ဦးကြွိခေတ်တုန်းကတော့ ဆီချက်ကို အဓိကထားရောင်းခဲ့ပြီး အဖေဖြစ်သူလက်ထက်မှာတော့ ထမင်းပေါင်း၊ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့ပါ ရောင်းချခဲ့သလို နောက်ပိုင်းမှာတော့ မုန့်လက်ဆောင်း၊ ‌ရွှေရင်အေး စတာတွေကိုပါ ထပ်တိုး ရောင်းချခဲ့တာဖြစ်ပါတယ်။

သားစဥ်မြေးဆက် လက်ဆင့်ကမ်းပေးနေတဲ့ မိသားစုအမွေအနှစ်

ဒီဆိုင်လေးကို ဦးကြွိကနေ သားဖြစ်သူကို လက်ဆင့်ကမ်းခဲ့ပြီး အခုလက်ရှိမှာတော့ သားဖြစ်သူကနေ သူ့သား (ဦးကြွိရဲ့မြေးအငယ်ဆုံး) ကိုအောင်ဇော်မင်းကို မိသားစု အမွေအနှစ်အဖြစ် လွှဲပြောင်းပေးခဲ့ပါပြီ။

ာမည်ကျော် လက်ရာကောင်းတဲ့ ဆိုင်ဖြစ်တာကြောင့် အစားအသောက်တွေရဲ့လက်ရာကို အတတ်နိုင်ဆုံး အဖိုးနဲ့ အဖေခေတ်က လက်ဆင့်ကမ်းလာတဲ့လက်ရာအတိုင်း ချက်ပြုတ်ပြင်ဆင်ရတယ်လို့လည်း ဆိုပါတယ်။

“ ဒါက ကျွန်တော့်အဖေတစ်သက်ပဲ။ မိသားစု အမွေအနှစ်ကိုထိန်းသိမ်းနိုင်လာတဲ့အတွက် ကျေနပ်ပါတယ်။ ကျန်တဲ့ မောင်နှမတွေလည်း ဘယ်သူမှ မလုပ်နိုင်ကြတော့ ကျွန်တော်ကပဲ ဦးစီး လုပ်ကိုင်ခဲ့တာပေါ့” လို့ ကိုအောင်ဇော်မင်းက ဆိုပါတတယ်။

ဦးကြွိဆီချက်ဆိုင်လေးကတော့ ဆိုင်ခွဲတွေ မဖွင့်လှစ်ထားဘဲ ဗိုလ်ချုပ်စျေးထဲက စားသောက်ဆိုင်ရုံထဲမှာသာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် စျေးပိတ်ထားချိန်မှာတော့ ဆိုင်ကိုယာယီပိတ်ထားရပြီး အခုလက်ရှိတော့ ပြန်လည်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ နေ့စဥ်ဖွင့်လှစ်ထားတာဖြစ်ပြီး မှာယူချင်တယ်ဆိုရင်တော့ မြို့တွင်းမှာ FoodPanda ကတစ်ဆင့် မှာယူနိုင်သလို ဆက်သွယ်စုံစမ်းချင်တယ်ဆိုပါကလည်း ဖုန်းနံပါတ် ၀၉၅၀၂၅၂၇၅ ကို ဆက်သွယ်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က