တစ်နေ့ကို ဆီးဘယ်နှစ်ကြိမ်သွားတယ် ၊ ဘာအရောင်တွေဖြစ်နေလဲဆိုတာကို သတိထားစောင့်ကြည့်ရုံနဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ ယေဘုယျ ကျန်းမာခြင်းအခြေအနေကို အကဲခပ်လို့ ရနိုင်တယ်လို့ ဆိုပါတယ်။
ဆီးအိမ်ရဲ့ လုပ်ဆောင်ချက်ကတစ်ဆင့် နေ့ဘက်နဲ့ ညဘက်တွေမှာ မကြာခဏ ဆီးသွားတတ်တာ၊ ဆီးအရောင်နဲ့ ဆီးထိန်းနိုင်လားဆိုတာတွေက သင့်မှာ ဘယ်လို ကိုယ်တွင်းရောဂါတွေ ရှိနေပြီလဲဆိုတာကို သတိပေးနေတာလည်းဖြစ်ပါတယ်။
ဆီးအိမ်ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆီးအိမ်မဟုတ်ဘဲ တခြားပြင်ပရောဂါတွေနဲ့ ဆက်စပ်နေပြီး အထူးသဖြင့် အာရုံကြော သို့မဟုတ် နှလုံးသွေးကြောစနစ်ဆိုင်ရာ ပြဿနာများ ပါဝင်နိုင်ပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုတေသနပြုထားပါတယ်။ ဒါဆို ဘယ်လို ဆီးအိမ်ပြဿနာတွေက သင့်ကျန်းမာရေး ဘယ်လိုအခြေအနေဖြစ်နေပြီလဲဆိုတာကို ကြည့်ကြရအောင်။
ပုံမှန်ထက် ဆီးသွားတဲ့ အကြိမ်ရေတိုးလာခြင်း
ဆီးသွားတယ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရေဓာတ်ပြည့်ဝမှုအခြေအနေကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ကျန်းမာတဲ့ သာမန်လူတစ်ယောက်ဟာ ၂၄ နာရီအတွင်း ၆ ကြိမ်မှ ၈ ကြိမ်ခန့် ဆီးသွားရခြင်းဟာ ပုံမှန်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထက်မက ဆီးသွားနေတယ်ဆိုရင် အရည်တွေအများကြီးသောက်မိတာ ဒါမှမဟုတ် ကဖိန်းဓာတ်များနေတာကြောင့် စွန့်ထုတ်နေတာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် မကြာခဏဆီးသွားခြင်းဟာ ဆီးအိမ်ပိုးဝင်ခြင်း၊ ဆီးကျိတ်ပြဿနာများ၊ နှလုံးအခြေအနေ၊ ခြေထောက်ရောင်ရမ်းခြင်း ဒါမှမဟုတ် ဆီးအိမ်နာတာရှည်ရောင်ရမ်းမှုရောဂါတွေဖြစ်နိင်သလို အာရုံကြောပျက်စီးခြင်း၊ ဆေးဝါးတွေ၊ ရောဂါပိုးဝင်ခြင်း၊ အဝလွန်ခြင်း နဲ့ အီစထရိုဂျင် ချို့တဲ့ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။
တကယ်လို့ အမျိုးသမီးတွေမှာဆိုရင်တော့ မကြာခဏဆီးသွားခြင်းဟာ ဆီးအိမ်ကဲ့သို့သော တင်ပါးဆုံတွင်းအင်္ဂါတွေ အားနည်းတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးနောက် တင်ပါးဆုံတွင်းကြွက်သားတွေ အားနည်းပြီးလည်း ဒီလိုလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
တချို့ သက်ကြီးပိုင်းတွေဆိုရင်လည်း ညဘက်မှာ ဆီးထသွားကြရပေမယ့် ဒါက ပုံမှန်ဖြစ်ပါတယ်။ဒါပေမယ့် အသက် ၆၀ နောက်ပိုင်းမှာ လူအများစုဟာ တစ်ညကို နှစ်ကြိမ်ထက် ပိုထလေ့မရှိတာမို့ အဲဒီထက်ပိုများတာက သင့်ကျန်းမာရေးကို အချက်ပြနေတာ ဖြစ်နိုင်တာမို့ ကျန်းမာရေးစစ်ဆေးမှု လုပ်သင့်ပါတယ်။
သင့်ရဲ့ ဆီးအရောင်ကို အမြဲကြည့်နေပါ
ပုံမှန်ဆီးအရောင်ဟာ အဝါဖျော့ဖျော့လေးကနေ ပယင်းရောင်လောက်အထိ ဖြစ်နိုင်ပါတယ်။ ဆီးအရောင်အနုအရင့်က urochromeလို့ ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါဝင်မှုအပေါ်မူတည်ပြီး ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်သောက်တဲ့ ဆေးဝါးရဲ့ အရောင်ပါဝင်မှု ၊ အစားအစာရဲ့ အရောင်ပါဝင်မှုအပေါ်မူတည်ပြီးလည်း ပြောင်းလဲနိုင်ပါတယ်။
Photo : Freepik
ပန်းရောင်၊ အနီရောင် ဆီးသွားခြင်း
ပန်းရောင် ၊ အနီရောင် ဆီးသွားရင် ကိုယ် ဘာစားလဲ ပြန်စဉ်းစားကြည့်ပါ။ အဲဒီလို အရောင်ပါတဲ့ အသီး၊အရွက်တွေမစားဖြစ်ဖူးဆိုရင်တော့ ဒါဟာ ဆီးထဲသွေးပါနေတာ ဖြစ်ပါတယ်။ဒါက ပြင်းထန်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ ဆီးထဲမှာ သွေးပါလာရင် ကင်ဆာရောဂါတွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
ဆီးအရောင်ရင့်ခြင်း၊ ဆီးမည်းခြင်း
ပယင်းရောင်လို ဒါမှမဟုတ် ဆီးအရောင်ခပ်ရင့်ရင့်တွေက ရေဓာတ်ခန်းခြောက်နေတာကို ညွှန်ပြနေတာဖြစ်လို့ ရေသောက်သုံးတာကို ဂရုစိုက်ပြီး ပမာဏ တိုးသောက်ပေးပါ။ကဖိန်းဓာတ်တွေကို လျှော့ချပါ။ ဒါကိုမှ ဆီးအရောင်ရင့်နေတယ် ၊ ဆီးမည်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်နေပါပြီ။
ဆီးယိုစိမ့်ခြင်း
ချောင်းဆိုးချိန်၊ ရယ်မောချိန်၊ နှာချေချိန်ချိန် သို့မဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ချိန် ဆီးယိုစိမ့်ခြင်းဟာ ဆီးလမ်းကြောင်း အားနည်းခြင်းနဲ့ ဆက်စပ်နေတတ်တာ ဖြစ်ပါတယ်။အထူးသဖြင့် အဝလွန်သူတွေမှာ ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဖြစ်စေ ၊ ခွဲစိတ်မှုနဲ့ဖြစ်စေ ကုသနိုင်ပါတယ်။ တင်ပါးဆုံတွင်းကြွက်သားတွေ အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေဟာ ဒီပြဿနာတွေကို လျော့ကျစေပါတယ်။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆီးရောင်၊ ဒါမှမဟုတ် ဆီးနဲ့ ပတ်သက်တာ တစ်ခုခု သံသယဖြစ်နေပြီဆိုရင် ကျွမ်းကျင်ဆရာဝန်တွေနဲ့ အမြန်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။
SOURCE: Health.clevelandclinic.org