ဘောလုံးရုပ်သံဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ရစ်ချက်ကီးစ်က လီဗာပူးနဲ့အာဆင်နယ်ပွဲမှာ လီဗာပူး ဘယ်နောက်ခံလူ ဆီမီကတ်စ်ညှပ်ရိုးကျိုးရတာက ကလော့ပ်ကြောင့်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းပွဲကစားချိန်အတွင်း ဆာကာနဲ့ ဆီမီကတ်စ်တို့ ကွင်းဘေးစည်းမှာ ဘောလုံး ယှဉ်လုခဲ့ကြပါတယ်။ ဒီအချိန်မှာ ဆာလာရဲ့ ဘော်ဒီခုလိုက်မှုကြောင့် ဆီမီကတ်စ်က ကွင်းဘေးစည်းအပြင်ကို လဲကျသွားခဲ့ပြီး နည်းစနစ်ဧရိယာအတွင်း မတ်တပ်ရပ်နေတဲ့ ကလော့ပ်နဲ့ ဝင်တိုက်မိခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ကလော့ပ်လည်း လဲကျသွားခဲ့ပြီး ဆီမီကတ်စ်ကလည်း ညှပ်ရိုးကျိုးခဲ့တာကြောင့် ချက်ချင်းလူစားလဲလိုက်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရစ်ချက်ကီးစ်က “ကျွန်တော်ပြောတာက ထေ့ငေါ့သလိုမျိုးဖြစ်နေပေမယ့် ဒါက ကလော့ပ်ကြောင့်ဖြစ်တာပါ။ တစ်ဖက်က နည်းစနစ်ဧရိယာထဲမှာလည်း အာတီတာရှိနေပါတယ်”
“ဒီဖြစ်ရပ်က နည်းပြတစ်ယောက် ကစားနေတဲ့ကွင်းနဲ့ အရမ်းနီးကပ်နေတာကြောင့်ဖြစ်ပြီး ဒါက အန္တရာယ်များပါတယ်။ နည်းပြတွေရဲ့ နည်းစနစ်ဧရိယာက ကွင်းနဲ့ အရမ်းကပ်လွန်းပြီး အရင်ကလည်း ကျွန်တော် ဒီအကြောင်းကို ပြောဖူးပါတယ်။ အာတီတာသာဆိုရင်လည်း ဒါမျိုး ဖြစ်နိုင်မှာပါပဲ”
“ကလော့ပ်ကတော့ သူ့နည်းစနစ်ဧရိယာထဲ သူနေတာပါ။ ဒါပေမယ့် နည်းပြတွေက သူတို့ ထိုင်ခုံကနေ ထလိုက်ပြီဆိုတာနဲ့ ကွင်းနဲ့ အရမ်းကပ်သွားပြီး ဒါမျိုးက အမြဲတမ်း အန္တရာယ်ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကလော့ပ်ကတော့ ဆီမီကတ်စ်သာ ပြန်ကောင်းလာမယ်ဆိုရင် သူ့ရဲ့ ညှပ်ရိုးကို ပေးရရင်လည်း ကိစ္စမရှိဘူးလို့ ပြောကြားထားပါတယ်။