လေဗာကူဆင်ကွင်းလယ်လူ ဒီမာဘေးက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မော်ရင်ဟို အသုံးပြုသွားခဲ့တဲ့ ခံစစ်ကစားပုံ၊ ကစားကွက်နဲ့ပတ်သက်ပြီး ရှက်ဖို့ကောင်းကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီပွဲမှာ မော်ရင်ဟိုက ပထမအကျော့က ၁-၀ ဂိုးဆိုတဲ့ ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ခံစစ်ကို အထူးအားပြုကစားခဲ့တာပါ။
ဒုတိယအကျော့မှာ အိမ်ရှင် လေဗာကူဆင်က ဘောလုံးပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်းနဲ့အထက်၊ ဂိုးပေါက်ကန်သွင်းမှု (၂၄) ကြိမ်အထိ ရရှိခဲ့ပါတယ်။ ရိုးမားကတော့ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်သာ ကန်ခွင့်ရရှိခဲ့ပြီး ခံစစ်မှာသာ မော်ရင်ဟိုရဲ့ ပုံစံအတိုင်း ဘတ်စ်ကားကွက်နဲ့ ပိတ်ဆို့ကစားခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း လေဗာကူဆင်တို့ ပွဲအစအဆုံး ရုန်းကန်ခဲ့ရပြီး လိုအပ်နေတဲ့ သွင်းဂိုးတစ်ဂိုးကိုတောင် ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့တဲ့နောက်မှာတော့ ရိုးမားက နှစ်ကျော့ပေါင်း ၁-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ပဲ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဒီလိုမျိုး ဧည့်သည်ရိုးမားရဲ့ ကစားပုံကို လေဗာကူဆင် ကွင်းလယ်လူ ဒီမာဘေးက ပေါက်ကွဲခဲ့တာပါ။
ဒီမာဘေးက “ဆီမီးဖိုင်နယ်လို ပွဲစဥ်တစ်ပွဲမျိုးမှာ ဒီလို ကစားပုံမျိုးကို ပြသပြီး နောက်တစ်ဆင့်ကို တက်သွားတယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်။ ရိုးမားက နောက်ဆုံးမှာတော့ အရာအားလုံးကို အရမ်း ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်သွားခဲ့ပါတယ်” လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ လေဗာကူဆင်နည်းပြ အလွန်ဆိုကတော့ “ကျွန်တော် ငိုနေမှာ မဟုတ်ပါဘူး”
“ကစားသမားတွေနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်ကျေနပ်ပြီး ဂုဏ်ယူရပါတယ်။ သူတို့ နောက်ဆုံးအချိန်အထိ ကြိုးစားခဲ့တဲ့အပေါ်မှာပေါ့။ ကျွန်တော်တို့ ခေါင်းကိုမော့ပြီး သေချာပေါက် ရှေ့ဆက်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ လေဗာကူဆင်ကို အနိုင်ရရှိခဲ့တဲ့ ရိုးမားကတော့ ဗိုလ်လုပွဲမှာ လာလီဂါကလပ် ဆီဗီလာနဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။