ခရိုအေးရှားကြယ်ပွင့် လူကာ မိုဒရစ်ဟာ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် လီယွန်နယ် မက်ဆီကို ချီးကျူးခဲ့ပေမယ့်လည်း အာဂျင်တီးနားက ကစားသမားတစ်ယောက်တည်းရှိတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိ စံချိန်တင် ဗိုလ်စွဲထားခဲ့တဲ့ ဘရာဇီးလ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အချိန်ပိုပြီးဆုံးတဲ့အထိ ၁-၁ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကလည်း နယ်သာလန်အသင်းနဲ့ အချိန်ပိုပြီးဆုံးတဲ့အထိ ၂-၂ သရေကျနေခဲ့တာကြောင့် စိတ်လှုပ်ရှားဖွယ် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး အီမီလီယာနို မာတီနက်ဇ်က ဗန်ဒိုက်နဲ့ စတီဗင် ဘဲဟက်ရှ်တို့ရဲ့ ပင်နယ်တီကို ကာကွယ်ပေးပြီး အသင်းကို ၄-၃ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။
ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ဟာ အင်္ဂါနေ့ည လူဆေးလ်ကွင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မိုဒရစ်နဲ့ လီယွန်နယ် မက်ဆီတို့ကြားမှာလည်း စီးချင်းထိုးပွဲတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟာ မက်ဆီကို ၂၆ ကြိမ်အထိ ရင်ဆိုင်ခဲ့ရာမှာ ၁၂ ကြိမ် အနိုင်ရရှိခဲ့ပြီး ၉ ကြိမ်ရှုံး၊ ၅ ကြိမ် သရေရလဒ် ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ၂၀၁၈ ဘလွန်ဒေါဆုရှင်က အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
"အာဂျင်တီးနားက အသင်းကြီးတစ်သင်းပါ။ ကျွန်တော် ကစားသမားတစ်ဦးတည်းနဲ့ ရင်ဆိုင်မကစားချင်ပါဘူး။ ဟုတ်တာပေါ့။ လီယို မက်ဆီက အရမ်းကို ကြီးမားတဲ့ကစားသမားပါ။ သူတို့ရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး ကျွန်တော်တို့ သူ့ကို ရပ်တန့်ဖို့အတွက် အခက်အခဲတွေ အများကြီး ရှိလာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပြီး ကျွန်တော်တို့မှာ ရှိသမျှအရာအားလုံး ပေးသွားမှာပါ။ ကျွန်တော်တို့ဘဝမှာ ကြုံဖူးသမျှ ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်အောင် ကြိုးစားကြရအောင်။ အဲဒါက ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် လုံလောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ ခရိုအေးရှားနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာတုန်းက ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။