အာဖရိကဖလားချန်ပီယံအဖြစ်နဲ့ နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဆီနီဂေါအသင်းသားတွေကို ပရိသတ်အများအပြားက စောင့်ကြိုနေခဲ့ကြပါတယ်။ ဆီနီဂေါမြို့တော်ဒါကာမှာ ဗိုလ်လုပွဲအနိုင်ရအပြီး ပရိသတ်တွေက ညလုံးပေါက်အောင်ပွဲခံခဲ့ကြပြီး နိုင်ငံအတွက် ဂုဏ်ယူနေခဲ့ကြချိန်မှာပဲ ဆီနီဂေါသမ္မတက တနင်္လာနေ့ကို အမျိုးသားအားလပ်ရက်အဖြစ်ပါ သတ်မှတ်ပေးခဲ့ပါတယ်။
နိုင်ငံပိုင်ရုပ်သံကတဆင့် သမ္မတကိုယ်တိုင်က ကြေညာခဲ့တာဖြစ်ပြီး လက်ရွေးစင်ဘောလုံးအသင်းရဲ့အောင်ပွဲကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆီနီဂေါအသင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားက မြို့တော်ဒါကာကို ရောက်လာချိန်မှာတော့ ထောင်ပေါင်းများစွာသော ပရိသတ်တွေဟာ လမ်းမကြီးအပြည့်စောင့်ကြိုနှုတ်ဆက်ခဲ့ကြပြီး အသင်းသားတွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။
မာနေး၊ မန်ဒီ၊ ကူလီဘလီအစရှိတဲ့ နာမည်ကျော်ကစားသမားတွေရဲ့ ဦးဆောင်မှုနဲ့ ဆီနီဂေါတို့ ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၉ မှာလည်း ဗိုလ်လုပွဲတက်ခဲ့ပေမယ့် အယ်လ်ဂျီရီးယားကို ရှုံးနိမ့်လို့ ဒုတိယဆုနဲ့ ကျေနပ်ခဲ့တဲ့ ဆီနီဂေါဟာ ဒီတကြိမ်မှာတော့ အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး မာနေးက အကောင်းဆုံးကစားသမားဆု၊ မန်ဒီက အကောင်းဆုံးဂိုးသမားဆုတွေကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။